Thursday 20 December 2012

တွေးမိလေသော သူ့အကြောင်း



တွေးမိလေသော .... သူ့ အကြောင်း  
--------------------------------------
            စာရေးသူ အခြေချ နေထိုင်ရာမြို့လေးမှာ  မြန်မာနွယ်ဖွား တိုင်းရင်းသားတို့က စုံလင်လှပါ၏.. အရောင်အသွေး စုံလင်လှသော တိုင်းရင်းသားတို့အကြားဝယ် မေတ္တာ ရှေ့ထား အားထုတ်မှုများဖြင့်  စည်းလုံးအောင် စည်းရုံးရင်း မေတ္တာပေါင်းကူး တံတား ထိုးပေးလာခဲ့သည်မှာ တစ်နှစ်ကျော်လို့ နှစ်နှစ်ဆိုသော ၀န်းကျင်သို့ပင် ရောက်ရှိလာခဲ့ပါချေပြီ...
          နှစ်နှစ်တာ ဆိုသော ကာလ သည် မိမိသူတပါး နှစ်ဦးသားအတွက် အကျိုးများရာ များကြောင်း တို့ကို အားထုတ်နေသူ အဖို့တော့ နဲပါးကောင်း နဲပါးနေပါလိမ့်မည်.. ဒါပေမဲ့ ဒီကာလ အတွင်း ပေါင်းသင်း ဆက်ဆံခဲ့ရသူတွေကတော့ မနဲ လှပါဘူး    .. 
          လောကဓံ တရားတို့ဖြင့် ပြည့်နှက်နေသော လောကဇာတ်ခုံပေါ်မှာ ကံ ကြမ္မာ ကြိုးဆွဲရာ ကပြ အသုံးတော်ခံနေခဲ့ရလို့  ဘဝ ဆိုသည့် အဓိပ္ပါယ်ကိုပင် လေးလေးနက်နက် မစဉ်းစားမိသူတွေရော..ဘ၀ အတွေ့အကြုံ  ပညာစုံလို့ ..လေးနက်တဲ့ အသိဉာဏ် ၊ ရင့်ကျက်တဲ့ အတွေးခေါ် ပိုင်ရှင်တွေကိုပါ ဆုံဆည်းခွင့်  ခင်မင်ခွင့်   ရခဲ့ပါတယ်
          ဒါ့အပြင် .. အတ္တ ကို ရှေ့တန်းတင် ပြီး ကိုယ်ထင်ရာမှ အမှန် ၊ကိုယ်ကြံတာမှ အဟုတ် ၊ကိုယ်လုပ်တာမှ အကောင်းထင်တတ် သူ ၊ လူအများစုကိုလဲ တွေ့မြင် ကြားသိ ဆက်ဆံ နေရတာပါပဲ ...လောက ဆိုတဲ့ မြေပေါ်မှာ မာနကို တိုင်ထူပြီး အယူအစွဲ အလွဲများကိုမှ အဟုတ်လုပ်နေကြတဲ့ အဝိဇ္ဇာခေါင်အုပ် ဗိုလ်ချုပ်တွေကြားမှာ စာရေးသူလဲ အတွေးများ ချာချာ လည်နေခဲ့ရပါတယ် ။
          ဒီလို ဒီလို လူများစွာကြားထဲမှာမှ စာရေးသူ သတိပြုမိသော တစ်ချို့တစ်ချို့သော လူငယ်လေးတွေ ရဲ့  ဘ၀ အတွေးပုံရိပ်လေးတွေ ကို စာရှုသူအား ဝေမျှလိုက်ပါတယ်.......မြည်းစမ်းကြည့်ပါစို့ ..  စာရှုသူ
                           -----------------------------------------------------------------------
          သူ့နာမည်က.. မောင်အောင်ဇင်မျိုး.... အဖလက်ဝှေ့ကျော် ဦးလူလေး နဲ့ အမိ ဒေါ်တင်ရီတို့က မွန်ပြည်နယ် တောင်စွန်းမြို့မှာ မွေးဖွားပေးခဲ့တဲ့ မွန်ဗမာနွယ်ဖွား က ပြားလေး တစ်ယောက်ပါ ..လူငယ်ဖြစ်ပေမဲ့ တည်ကြည်တဲ့ အပြောအဆိုနဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ သူ့လုပ်ရပ်တွေက ထင်းရှားပြနေလေရဲ့ ... ။ အရာရာမှာ အပြောထက် လက်တွေ့ကျတာကိုမှ ပိုတန်ဖိုးထားသူ ဆိုရင် မမှားနိုင်သူ ။  ဒီ လူငယ်လေးနဲ့ တရင်းတနှီး မခင်မင်စဉ်ကပင် သူ့ရုပ်သွင် မူယာက   စာရေးသူကို ဆွဲဆောင်ခဲ့သည်မှာ အမှန်ပင်...။
          တကယ်ဆို  လောကီထုပ္ပါတ် လူတို့ဇာတ်မှာ ပညတ်သွားရာ ဓါတ်သက်ပါသတဲ့ ... ဒါဆိုရင် အောင်ဇင်မျိုးဆိုတာလဲ လောကအလယ်မှာ တင့်တင်လှပ ဂုဏ်ဓန နဲ့   ကြံတိုင်အောင် ဆောင်တိုင်းမြောက် မဲ့ အောင်မျိုးအောင်နွယ် လူငယ် တစ်ယောက်ရဲ့ နာမည်လို့ တွေးယူရင် ရနိုင်မယ်ထင်ပါ့ရဲ့...ဒါပေမဲ့...။ 
          ဒီလူငယ်လေးရဲ့ မိဘနှစ်ပါးတို့ဟာ သားလေးက မေမေ ဖေဖေလို့ ခေါ်လို့မှ အားမရသေးခင် လောကကြီးကို ရုတ်တရက် လက်ပြ နှုတ်ဆက်ထွက်ခွာသွားလေတော့ သူ့ခမျာ အသက်ငယ်ငယ်နဲ့ ကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆီးခံ ခဲ့ရရှာပါတယ် ... ။  ဘုန်းတော်ကြီးကျောင်း ပညာရေးမျှသာ သင်ယူဖူးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ရန်ကုန် သာကေတ တောင်ဒဂုံတို့ရှိ စက်ရုံ အလုပ်ရုံတွေမှာ သာမာန်အောက်ခြေသိမ်း ၀န်ထမ်းဘဝနဲ့ လောကကြီးရဲ့ စတင် စမ်းသပ် ခံယူခဲ့ရပါတယ် ...။
          မြေနိမ့်ရာ လှံ စိုက် ..သဘောမိုက်တတ်တဲ့ လောကအလယ်မှာ မျက်နှာငယ် ခဲ့ရသော်လည်း ရိုးသား ကြိုးစား သူ့လုပ်အားကြောင့် ဂုဏ်မငယ်ခဲ့ရ သူ  ဖြစ်ပါတယ် ။ ဒီလိုနဲ့ ကြုံလာရတဲ့ ပတ်ဝန်းကျင် နိုင်ငံရေး ရေစီးကြောင်း အတိုင်း မျောပါမိရာမှ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေထိုင်ခွင့်ရခဲ့ပါတယ်။
          လောကဓံ ဆိုတာ ကုန်းခံ ဖို့ မဟုတ်ဘူး .. ရုန်းကန် ယှဉ်ပြိုင် အနိုင်ယူဖို့လို့ တွေးထားတဲ့ အောင်ဇင်မျိုးဟာ လောကကြီးကို လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ပါဘူး ... ကြုံသလို ပညာရှာ ... ရ ရာ အလုပ်လုပ်ရင်း လောကဓံကို အံတင်းလို့ ရင်ဆိုင်ခဲ့ရာမှာ နောက်ဆုံးတော့ အမေရိကန် နိုင်ငံထိတိုင် ရောက်နိုင်အောင် ကြိုစားနိုင်ခဲ့ရှာသူ ဖြစ်ပါတယ်
          သိတဲ့ အတိုင်း ပေါ့ ..အမေရိကန်ဆိုတာ လူတိုင်းအတွက် အိမ်မက်ကမ္ဘာပါ.. ပျော်စရာ ပါးစရာ လည်စရာပေါသလို ဘာမဆို မိမိစိတ်ရှိတဲ့အတိုင်း လုပ်နိုင် ကိုင်နိုင် ပြောနိုင် ကြိုးစားနိုင်တဲ့ လူအခွင့်ရေး အပြည့်အ၀ ရှိတဲ့ နိုင်င်ကြီးဆိုရင် မမှားပါဘူး ။
          ဒီလို နိုင်ငံကြီးမှာ မိမိ အသက်အရွှယ် နဲ့ တတ်ထားတဲ့ ပညာ ၊အမျိုးဂုဏ်သိက္ခာကိုမှ မထောက်ထားပဲ သောက်သောက်စားစား မောက်မောက်မှားမှား နေထိုင်မယ်ဆိုရင်လဲ နေနိုင်တာပါပဲ ။ မည်သူကိုမျှ အကျိုးမပြု ဘာကိုမှလဲ ဂရုမထား ၊ ဆန်ကုန်မြေလေးပြီး ပတ်ဝန်ကျင်ကို ဒုက္ခပေးနေသူတွေကလဲ မနဲလှပါဘူး ။
          မောင်အောင်ဇင်မျိုးကတော့ အမေရိကန် ရောက်လာခဲ့ပေမဲ့ ဦးမင်းသားချင်းများရဲ့ ဆိုဆုံးမစကား နားထောင်ပြီး ခေတ်ရေစီးကြောင်းမှာ မျောပါမသွားအောင် သတိဆောင်ထားနိုင်ခဲ့ပါတယ် ... ဒါ့အပြင်  ရိုးသားစွာ ကြိုးစားရင်း မိဘကျေးဇူး အထူး တတ်သိ တဲ့ သားလေးလိမ္မာ တစ်ယောက် ဖြစ်ရအောင် ကြိုးစားလိုစိတ် က သူ့ရင်ထဲ လွှမ်းမိုးနေတယ်လို့ ဆိုပါတယ်
          အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနေတဲ့  ၀န်းကျင်က လူကြီးတွေကို သိမြင် အားကျပြီးတော့ သူလဲပဲ တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုတဲ့ ဆန္ဒတွေ ဖြစ်ပွားလာတယ်လို့ ပြောပြပါတယ်။  ဒါကြောင့် နေ့စဉ် ဘုန်းကြီးကျောင်း ရောက်အောင်လာပြီး တတ်နိုင်သမျှ ဝေယျာဝစ္စအကျိုးဆောင်ရင်း ဆွမ်းခံပေးတဲ့ ကုသိုလ်ကို ယူနေတာပါလို့ ပြောပြပါတယ်
          ဒါ့ အပြင် ..သူဟာ ရတနာမြတ်သုံးပါး ရဲ့ ဂုဏ်ကို ယုံကြည်သလို ဗုဒ္ဓဘာသာ ဟာ အရမ်းသိမ်မွေ့ နူးညံ့ပြီး ဗုဒ္ဓရဲ့ အဆုံးမတွေဟာ  လိုက်နာကျင့်ကြံနိုင်သူကို တကယ်ကောင်းကျိုးဖြစ်စေတာကို မို့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရတာကို အရမ်း ဂုဏ်ယူ ၀မ်းမြောက်တယ်လို့ ဆိုပါတယ် ။
          သတိထားမိသလောက်တော့ သူဟာ အလှူအတန်း ဒါနခန်းမှာလဲ မွေ့လျှော် ပျော်ပိုက်တာကို တွေ့ရပါတယ် ။ မေးကြည့်တဲ့အခါ ကွယ်လွန်သွားတဲ့ မိဘ တို့ကို ရည်စူးပြီး လှူတဲ့ အလှူတော်တွေ ခဏခဏ ပြုလုပ်ပြီး အမျှအတန်း ပေးဝေ ကောင်းမှုမှာ ပျော်နေခြင်းဖြင့် မိဘကျေးဇူးဆပ်နေတာလို့ ယုံကြည်လို့ပါတဲ့ ။        စာရေးသူ ရဲ့ ကျောင်းလေးဟာ ဗုဒ္ဓဘာသာ ရွှေမြန်မာတို့ရဲ့ အားထား ကွန်းခိုရာလေး ဖြစ်သည့်အားလျှော်စွာ အားလပ်ရက်တွေမှာ ဘာသာရေး လူမှုရေးဆိုင်ရာ ပွဲတော်လေးများဖြင့် စည်ကားနေလေ့ ရှိပါတယ် ..  ၀ါဆို ကထိန် စသည်ဖြင့် အလှူဒါနပွဲတိုင်းမှာ မိဘနှစ်ပါး ရည်စူးထား၍ သား မောင်အောင်ဇင်မျိုး ကောင်းမှု ဆိုတဲ့ စာသားလေးဟာ အလှူတိုင်းမှာ ပါနေလေ့ရှိပါတယ် ..။
          ဒါတင်မက ကျောင်းတော်ရဲ့ ဘာသာ သာသနာရေးဆိုင်ရာ ပွဲတော်တွေ တိုင်းမှာ ဝေယျာဝစ္စအကျိုးဆောင်တဲ့ သူတွေလဲ မနဲ လှပါဘူး .. ကြီး ငယ် ရွယ်လတ် ...မြင့်မြတ်တဲ့ အမှုကို ပြုနေကြပုံ တွေဟာ သိကြားမင်းရဲ့ နေရာကိုများ လုနေကြသလား ထင်မှားရပါတယ် ..ဒီအထဲမှာလဲ အောင်ဇင်မျိုးဆို တဲ့ နာမည်က ကျန်မနေ..ပါမြဲ ပါနေလေရဲ့ ပေါ့...
          ဘဝ အဓိပ္ပါယ်နဲ့ ခံယူချက်ကလေးတွေ မေးကြည့်တော့ တကယ်ကို ဘာမှ မသိသေးပါကြောင်း ပြေပါတယ် ဒါပေမဲ့ အနာဂတ်မှာ လူတော် တစ်ယောက် မဖြစ်ခဲ့ရင်တောင်မှ လူလိမ်မာ လူကောင်းတစ်ယောက် ဖြစ်လိုပါကြောင်း  ကုသိုလ်ကောင်းမှုမှာ မွေ့လျှော်သူဖြစ်လိုပါကြောင်း ပြောပါတယ် ။ 
          နိုင်ငံရေး ခံယူချက်အနေဖြင့် တကယ် မသိ နားမလည်တဲ့ အတွက် မရှိဘူးလို့ ပြောရင်လဲ ရပါသတဲ့ ၊ လူမှုရေး အနေဖြင့် သူတပါး အကျိုးများမည့် အရာတိုင်းမှာ ပါဝင်လုပ်ဆောင်လိုစိတ်ရှိပြီး ဗြဟ္မစိုရ် တရား ထွန်းကားသော လူမှု ပတ်ဝန်းကျင် ဖြစ်ရင် သိပ်ကောင်းမှာပဲ လို့ ဆိုပါတယ် ။
          ဒီလို ခံယူချက် ရှိတဲ့ မောင်အောင်ဇင်မျိုးဟာ ယခုတော့ စာရေးသူရဲ့ ကျောင်းတွင် ပြုစုပျိုးထောင် ထားတဲ့ လူငယ်အသင်း ခေါင်းဆောင်ပိုင်း တစ်နေရာမှာ တာဝန်ယူလျှက်ရှိပါပြီ.. တာဝန်သိစိတ်နဲ့ တာဝန်ယူ တာဝန်ကျေပြွန်တတ်တဲ့ သူ့စိတ်ထားတွေဟာ အမာရီလို မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းရဲ့ အားထားရမည့် သားကောင်းရတနာ တစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ် 
          စကားမစပ် အများပြည်သူ သာဓုခေါ်စရာ တစ်ခုကိုလဲ တင်ပြလိုပါတယ် ..ဒီနှစ်ကထိန် ရာသီမှာ မြန်မာပြည်ရှိ အသိ တပည့် လေးတွေက သူတို့ ဒေသလေးတွေမှာ ကထိန်ခင်းလှူဒါန်းမည့်သူ မရှိလို့ ရွာမှာ အခက်ခဲလေးတွဖြစ်နေကြောင်း ပြောပြလာပါတယ် ဒီအခါ စာရေးသူ ကိုယ်တိုင်လဲ လှူဒါန်းချင်စိတ်ပေါ်ခဲ့သလို နီးစပ်ရာကိုလဲ သတင်းပေး ပြောပြဖြစ်ပါတယ် ..
          ဒီအခါ အလှူဒါန တွင် ပျော်မွေ့ပြီး  လိုအပ်တဲ့ နေရာဒေသမှာ တကယ် မြင့်မြတ်တဲ့ အလှူတစ်ခုကို ပြုလိုနေသော မောင်အောင်ဇင်မျိုးက အလှူငွေ ဒေါ်လာ ငါးရာကို ထည့်ဝင်လှူဒါန်းခဲ့ပါတယ် .. ရဟန်းအမ မစိန်အေး မိသားစု ၊ ရဟန်းအမ မခင်မာစမ်း နဲ့ အတူ သူလှူတဲ့ ဒေါ်လာငွေလေးတွေဖြင့်  ဧရာဝတီတိုင်း အင်္ဂပူ မြို့ နယ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် ကွင်းကောက် မြောက်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့အား ကထိန်းခင်း လှူဒါန်းနိုင်ခဲ့ပါတယ် ။
           ဒီအလှူကို ခံယူ ခဲ့ရတဲ့ ရဟန်းသံဃာတို့မှာလဲ ၀မ်းမြောက်နုမော် သာဓု ခေါ်ခဲ့ကြသလို ကျေးရွာအသီးသီးက လူကြီးများ ကျေးရွာသူ ကျေးရွာသားများမှာလဲ ဒီ မိုးကျ ကထိန်ကြောင့် ပျော်ရွှင်ကြည်နူး မဆုံးဖြစ်ရကြောင်း ပြန်လည် ကြားသိရပါတယ် ။ကထိန်ဒါယကာ လူငယ် မောင်အောင်ဇင်မျိုးပေါ့ ...        ဒယ်အိုးဆရာတော် ရွှေညဝါ ဆရာတော်များ၏ တရားအလှူတွင် လူအား ငွေအား ပါဝင်ခဲ့သလို အမာရီလို စုပေါင်းကထိန်မှာလဲ သူ ပါဝင်လှူဒါန်းတာပါပဲ သိမ်အလှူ ဘုရားအလှူ အားလုံးမှာ ပါဝင်သူပါ ... ဒါတင် ကျေနပ်အားရမှု မရှိတဲ့သူဟာ လက်ပန်းတောင် အရေးမှာ သွေးမြေကျခဲ့ရတဲ့ သံဃာထုအတွက်လဲ လှူဒါန်းပြန်ပါတယ် ...
           လူငယ်တစ်ယောက်ဖြစ်ပေမဲ့  အပျော်အပါး မလိုက်စားပဲ  အားတဲ့အခါ ကျောင်းလာ ကုသိုလ်ယူရင်း မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့ ဘုရား စကားကို လိုက်နာ ကျင့်ပွားသည့် လူငယ်လို့ပင် တင်စားဆိုလိုက်ချင်ပါတော့တယ်  
          အချုပ်အားဖြင့် ဆိုရသော် ခေတ်လှိုင်းတိုက်စားလေတိုင်း ဘ၀ကမ်းပါး ပြိုနေတဲ့ လောကကြီးမှာ ဘာသာ သာသနာအတွက် တဘက်တလမ်းက ကျရာဝန်ကို ကူညီထမ်းရင်း ပျော်ရွှင်စွာ ဝေယျာဝစ္စအကျိုးဆောင်နေတဲ့ လူငယ်ခေါင်းဆောင် မောင်အောင်ဇင်မျိုးရဲ့ ဘဝတစ်စိတ်တစ်ဒေသကို စာပန်းချီချယ်သ လို့ ဂုဏ်ပြုမှတ်တမ်း တင်ရင်း ဒီတပါတ် တွေးမိလေသော သူ့အကြောင်းကို နိဂုံးချုပ်လိုက်ပါရစေ
                                              စာရှုသူများ အားလုံး ကိုကျေးဇူးတင်ပါတယ်
                                                                                                                                       အညာမြေဋ္ဌေးလှိုင်
 Amarillo ,Tx, U.S.A
12/20/2012

No comments:

Post a Comment