Thursday 27 December 2012

ကျောင်းတည်ထောင်ခြင်း ခြောက်နှစ်မြောက် အထိမ်းအမှတ် အခမ်းနား

ဆီးနှင်းမိုးများကြားမှ ဇေယျသုခကျောင်းတိုက် ကျောင်းတည် (၆) နှစ်မြောက် အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီး
Written by အာရ်ကန်တိုင်းမ်စ်    Wednesday, 26 December 2012 12:34    PDF Print E-mail

USA News3အမေရိကန်ပြည်ထောင်စု တောင်ဘက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းတည် (၆)နှစ်မြောက် အခမ်းအနားနှင့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်များအား တာဝန်အပ်နှင်းကတိသစ္စာခံယူပွဲ အခမ်းအနားကို ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော်အတွင်း၌ ဒီဇင်ဘာလ(၂၅)ရက် ခရစ်မတ်စ်နေ့တွင် ဆင်ယင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတည်(၆)နှစ်မြောက် အခမ်းအနားကို နမောတသသုံးကြိမ် သံပြိုင်ရွတ်ဆို စတင်ဖွင့်လှစ်ခဲ့ပြီး ဇေယျသုခ ကျောင်းထိုင်ဆရာတော်လည်းဖြစ် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဌ တစ်ပါးလည်းဖြစ်သည့် ဘဒ္ဒန္တနန္ဒ၀ံသမှ အဖွင့်အမှာစကား မိန့်ကြားရာ "ဇေယျဆိုတာ အောင်မြင်ခြင်း၊ သုခဆိုတာ ချမ်းသာခြင်း၊ ဓမ္မဆိုတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ကိုယ့်ကျင့်တရားတည်းဟူသော တရားဓမ္မ၊ ရိပ်သာဆိုတာ ကိုယ်စီကိုယ်ငှ နွမ်းနယ်ပင်ပန်းမှုတွေကို ကျန်းမာခြင်း ချမ်းသာခြင်းနဲ့ပြည့်စုံစွာ သာသနာတော်တည်းဟူသော ဘုရားရိပ်တရားရိပ် သံဃာရိပ်မှာ လာပြီးတော့ ခိုဝင်အနားယူနေတဲ့အခါ အေးချမ်းသာယာခြင်းကို ကိုယ်စားပြုပြီး ဒီကျောင်းတိုက်ရဲ့ နာမည်ကို မည်တွင်ခေါ်ဝေါ်ရခြင်းဖြစ်ပါတယ်" ဟု စတင်မိန့်ကြားတော် မူသည်။
အသင်း၏ အမှုဆောင်များနှင့် အသင်းဝင်များအားလုံးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အမျိုးဘာသာ သာသနာအကျိုး ဆတိုးတပိုး သယ်ပိုးထမ်းရွက်နိုင်ရန်နဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များကို အမျိုးဘာသာ သာသနာအမွေအနှစ်များ လက်ဆင့်ကမ်းအမွေပေးကြဖို့ ကိုလည်း ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားတော်မူသည်။
"အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်တဲ့နေရာမှာ ပူဇော်သင့် ပူဇော်ထိုက်သူကို ဂုဏ်ပြုပူဇော်နိုင်ရေးဆိုတဲ့ အတွေးစိတ်ကူးတွေကို နှလုံးသွင်း မှတ်ကြရပါမယ်။ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့နေရာမှာလည်း မူဝါဒ ချမှတ်ရေးဆွဲထားတဲ့ လမ်းစဉ်အတိုင်း လက်တွေ့ကျကျ လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအကောင်အထည် ဖော်ကြရမှာဖြစ်ပါတယ်။ အမျိုးဘာသာသာသနာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းအမွေပေးတဲ့နေရာမှာ ဘုန်းဘုန်းတို့ရဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များကို ချီးမြှင့်လေးစားဖို့ တနည်းအားဖြင့် အနာဂတ်မှာ တောက်ပလာနိုင်မယ့် အသင်းဂုဏ်ဆောင် မြန်မာ့ဂုဏ်ဆောင် လူငယ်မောင်မယ်များ ပေါ်ထွန်းလာဖို့အတွက် ဘုန်းဘုန်းတို့ဘယ်လို ကြိုးစားအားထုတ်သွားကြမလဲဆိုတဲ့ မူဝါဒ လမ်းစဉ်များကိုလည်း သေသေချာချာချမှတ်ကာ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်" ဟု မိန့်ကြားတော်မူသည်။
အသင်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အသင်း၏ အကြံပေးနာယက တစ်ဦးဖြစ်သည့် ဦးကျော်သူရက "ဒီကျောင်းတိုက် အဓွန့်ရှည် တိုးတက်တည်တံ့ဖို့အတွက် လှူဒါန်းပါဝင်ထားကြသည့် အလှူရှင်များ၏ အလှူငွေများကို တာဝန်ရှိ အမှုဆောင်များအနေနဲ့  အလေအလွင့်မရှိအောင် အသေအချာ စနစ်တကျ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သုံးစွဲ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒါမှ မြို့သူမြို့သားများနှင့် အလှူရှင်များ၏ ယုံကြည်လေးစားမှုကို ရရှိကြမှာဖြစ်ပြီး အမျိုးဘာသာ သာသနာအကျိုးကိုလည်း ဒီထက်မက တိုးတက်အောင် သယ်ပိုးထမ်းဆောင်သွားနိုင်ကြမှာဖြစ်ပါတယ်" ဟု ဦးကျော်သူရက အကြံပြုပြောကြားသွားသည်။
ကျောင်းစတင်တည်ထောင် ဖြစ်ပေါ်လာရပုံဖြစ်စဉ်အကျဉ်းနဲ့ ပတ်သက်၍ အသင်း၏ ဥက္ကဌတစ်ဦးဖြစ်သူ ဦးညီညီလွင်က အာရ်ကန်တိုင်းစ်သို့ ယခုလို ပြောဆိုသည်။
"ကျနော်တို့ အမာရီလိုမြို့က အလှူရှင် အလှူရှင်မတွေက ဒီမြို့မှာ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်အောင် မတည်ကြမယ်ဆိုပြီးတော့ မတည်အလှူငွေတွေ တဖြည်းဖြည်း ထည့်ဝင်လှူဒါန်းရာကနေ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ (၂၅) ရက် ခရစ်မတ်စ်နေ့မှာ ဇေယျသုခဓမ္မရိပ်သာ ကျောင်းတိုက်ကို ငှားရမ်းဝယ်ယူကြရာကနေ စတင်တည်ထောင်ခဲ့ကြတာပါ။ ဒီကျောင်းတိုက်ဖြစ်လာခဲ့တဲ့အတွက် အလှူရှင်အားလုံးကိုရော ဒီကျောင်းတိုက်အတွက် ဆွမ်း၊ ဆေး၊ ကွမ်း၊ သင်္ကန်း ပစ္စည်းလေးပါး ဒါယကာခံယူထားကြတဲ့ သူများအားလုံးကိုပါ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ကျနော့် မိတ်ဆွေ ကဗျာဆရာ နေဇော်နိုင်ရဲ့စကားကို ငှားယူပြောရမယ်ဆိုရင်တော့ "ကျေးဇူးတင်ထိုက်သူတွေများလွန်းလို့ ညအိပ်ရင်တောင် ကျနော့်ခြေထောက်ကို ဘယ်နားထားအိပ်ရမှန်းတောင် မသိပါဘူး" ဟု ဦးညီညီလွင်က ရှင်းလင်းပြောကြားသည်။
USA News 4
အမာရီလိုမြို့၌ ဒီဇင်ဘာလ (၂၅)ရက်နေ့က ဆီနှင်းမိုးများ ထူထပ်စွာ ရွာသန်းချခဲ့သော်လည်း မြို့သူမြို့သားများနှင့် အသင်းသူ အသင်းသားများ (၁၀၀) ကျော်ခန့်က အမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက် ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။
အဆိုပါ အခမ်းအနားကို နေ့လည် (၁)နာရီအချိန်မှစတင်ပြီး ညနေ (၄)နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment