Friday 31 May 2013

နှလုံးသားချင်း နီးစေချင်

အခုတစ်လော စကားပြောရတာ သိပ်အဆင်မပြေလှဘူး ..ပုထုဇဉ် သဘောသဘာဝအတိုင်း အာရုံပြောတိုင်း စိတ်တွေ မောနေမိတယ်  လောဘဖြစ်စရာ အာရုံနဲ့ ကြုံတော့လဲ စိတ်ကို အချိန်မှီ သတိနဲ့ မထိန်းမိလိုက်တော့ လောဘစိတ်တွေ ဖြစ်နေမိရော... ဒီလိုပါပဲ ဒေါသဖြစ်ဖွယ် အသွယ်သွယ်နဲ့  ကြုံရပြန်တော့လဲ  မလိုအပ်ပဲ စကားတွေ အကျယ်ကြီး ပြောဖြစ်သွားပြန်ရော...

ကြည့်စမ်းပါအုံး... ဝန်းကျင်ရှိ အာရုံတွေကလဲ ဖြူ နီ ပြာ ဝါ ရောင်စုံကို ဖြာလို့......ချစ်စရာ မုန်းစရာ.. ပြုံးစရာ နှလုံးမသာစရာ....အို ...စုံနေတာပဲ ... ဒါကြောင့် အာရုံတွေ ပြောတိုင်း သဘောတွေ ရိုင်းနေမိမယ်ဆိုရင် ..အပါယ်လေးပါးဟာ တခါးကို ဖွင့်စရာလိုမယ်မထင်တော့ပါဘူးလို့တောင် ခပ်ရိုင်းရိုင်း တွေးပစ်လိုက်မိတယ် 

ဒီ အတွေးနောက်ကွယ်မှာတော့....စာရေးသူတို့ဟာ  ဘဝရဲ့ အရှိကို အသိနဲ့  ဆင်ခြင်ပြီး သတိလေးနဲ့ နေတတ်အောင် ကြိုးစားနေခွင့် ရနေပါလျှက် အချိန်တွေရဲ့ ဝါးမျိုနေခြင်း ခံရနေခြင်းဟာ ကိုယ့်ရဲ့ ညံ့ဖျင်းမှု့ တခုပဲ လို့လဲ တဆက်ထဲ တွေးမိပြန်ရော....ဒီတော့လဲ  စာပေလေ့လာ ဖတ်ရှု့တာတွေ  တတ်သိသင့်ရာ အဖြာဖြာကို လေ့လာသင်ယူတာတွေ နဲ့ အတူ  ပုတီးစိပ် ပရိတ်ရွတ် တရားမှတ် စသည် စသည်  စွမ်းနိုင်ရာရာလေးတွေ ပြုလုပ်နေရင်း အချိန်တွေကို ကိုယ်ကတဖန် ပြန်ပြီး အသုံးချ ဝါးမျိုနေမိတယ် ...

ဒီလိုနဲ့ သုတဖြစ်ဖွယ် ပုံပြင်လေးတွေ မှတ်သားစရာ အဆို နီတိလေးတွေ ကို ဖတ်ရှုရလို့ ဗဟုသုတလေးတွေရလာတဲ့ အခါ လက်တွဲဖေါ် ဆွေသဟာအများကိုလဲ ဆင့်ပွားချင်မိပြန်တာကြောင့်  အောက်ဖေါ်ပြပါ ပုံပြင်လေးကို မျှဝေပေးလိုက်ပါရဲ့  စာရှူသူ.............
-----------------------------------------------------------------------
သာယာလှပတဲ့ တစ်နေ့မှာတော့ ဟိန္ဒူသူတော်စင်တစ်ဦးဟာ တပည့်သာဝကတွေနဲ့အတူ မြစ်ကမ်းတစ်ခုကိုရေချိုးဆင်းလာပါတယ်တဲ့... အဲ့ဒီမြစ်ကမ်းမှာ မိသားတစ်စုဟာလဲ  တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်ပြီး အပြန်အလှန်အော်ဟစ်ပြောဆိုနေကြပါတယ်တဲ့ ...ဒီအခါ သူတော်စင်က သူ့တပည့်တွေဘက်လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်...
"လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ..."
တပည့်တွေက အချိန်အတန်ကြာစဉ်းစားနေကြပါတယ်... သူတို့ထဲက တစ်ယောက်ကပြောတယ်...
"ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်ငြိမ်သက်သက်မထားနိုင်တော့ဘူးလေ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့..."
"ဟုတ်ပြီ... ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့် အော်ပြောနေကြတာလဲ... မင်းပြောချင်တာကို ဖြည်းဖြည်းပြောလို့လည်း ကြားနေရနေတာပဲ..."လို့ သူတော်စင်က ပြန်မေးပါတယ်...
တပည့်သာဝကတွေက တခြားအဖြေတွေအမျိုးမျိုးထပ်ပေးကြပါသေးတယ်... ဒါပေမဲ့ တခြားသာဝကတွေကျေနပ်လောက်တဲ့အဖြေမျိုး မပေးနိုင်ကြပါဘူး... နောက်ဆုံးမှာတော့ သူတော်စင်ပုဂ္ဂိုလ်က ရှင်းပြပါတယ်...
"လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်... အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ... သူတို့ဒေါသပိုထွက်လေလေ သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ..."

"လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ... သူတို့ဟာတစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး... နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ... သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ..." လို့
သူတော်စင်က ဆက်ရှင်းပြပါတယ်...   
 "သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ... သူတို့စကားကိုမပြောတော့ပါဘူး... လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်... တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်... နောက်ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ.... ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ..."

သူတော်စင်က သူ့တပည့်သာဝကတွေကိုကြည့်ပြီး ပြောပါတယ်...
"ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့... တစ်ယောက်နဲ့တစ်ယောက်ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့... ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန်လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်..."
 ------------------------------------------
ကဲ စာရှုသူ.... ရခဲလှတဲ့ လူဆိုတဲ့ ဘဝကို ရပြီးနေပါပြီ  ဝန်းကျင်မှာလဲ ခင်မင်စရာအနေဖြင့်  များစွာသော ကိုယ့်လို လူသားတွေ အများအပြားနော် ... မိမိ နှုတ်ထွက် စကား တစ်လုံးကြောင့် ခင်မင်မှုတွေ ဆုံးရှုံးပြီး နေရသူတွေ  ၊ ချစ်သူမုန်းလို့ နှလုံးမသာ မယာ ခံ စားနေသူတွေ များမှ များပဲ ဆိုတာလဲ သံသယ ဖြစ်စရာကို မလိုတာပါပဲ နော် .. ပိုဆိုးတာက အနေနီးပါလျှက် နှလုံးသားချင်း ဝေးကွာပြီး စကား အသုံးအနှုံး မတတ်ကြလို့  ပြဿနာတွေဖြစ်... နီးရာကနေ ဝေးကြရ...တဲ့အတွက်  အထီးကျန်ခံစားမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေရခြင်းပါ.....  ဒီ ပုံပြင်လေးမှာတော့ စာဖတ်သူအား ပေးလိုတဲ့ အတွေးကို ပေးနိုင်စွမ်း ရှိခဲ့မယ် ထင်ပါရဲ့.... နော် 
                 နားကြဦးစို့ရဲ့....
                                               မေတ္တာသီသေန စိတ္တေန ...ဇေယျသုခ အရှင်နန္ဒဝံသ

Monday 27 May 2013

နှစ်သက်မိသော ဒီပုံပြင်

တစ်ခါတုန်းက တောင်ကုန်းတစ်ခုပေါ်မှာ ဥလေးလုံးပါတဲ့ လင်းယုန်ငှက်သိုက်တစ်ခုရှိခဲ့ပါတယ်။ တစ်ရက်မှာ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် အသိုက်ထဲက ဥတစ်လုံးဟာ တောင်ကုန်းအောက်ကို လိမ့်ကြသွားပြီး တောင်ကြားမှာရှိတဲ့ကြက်ခြံထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ကြက်တွေဟာ အန္တရာယ်ရဲ့အငွေ့အသက်ဖြစ်တဲ့ လင်းယုန်ဥလေးကို ဂရုတစိုက်စောင့်ကြည့်ကြဖို့ သူတို့အချင်းချင်း သတိပေးထားခဲ့ကြတယ်။
ဒီလိုနဲ့ အချိန်တန်တော့ လင်းယုန်ဥထဲကနေပြီး အင်မတန်လှပတဲ့ လင်းယုန်ငယ်လေးတစ်ကောင် ပေါက်ဖွားလာတယ်ဆိုပါတော့။ ဒီလင်းယုန်ငှက်လေးဟာ ကြက်တွေရဲ့ကြားထဲမှာ ပေါက်ဖွားခဲ့ရသူပီပီ သူ့ကိုယ်သူလည်း ကြက်တစ်ကောင်လိုပဲ ပြုမူနေထိုင် လှုပ်ရှားသွားလာတယ်။ တစ်ခါတရံမှာ လင်းယုန်ငှက်ကလေးဟာ သူ့မိဘတွေကို လွမ်းနေပြီး သူ့အိမ်ကို ပြန်ချင်ပေမဲ့ “ သူဟာ ကြက်တစ်ကောင်အဖြစ်ကနေ ပိုပြီး ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး ”ဆိုတဲ့ အသိစိတ်တွေနဲ့ပဲ သူ့ရဲ့စိတ်ဓာတ်တွေဟာလည်း တဖြည်းဖြည်း ကျလာခဲ့တယ်။

အဲဒီလို နေလာခဲ့ရင်း တစ်ရက်မှာတော့ လင်းယုန်ငှက်လေးဟာ ကြက်တွေနှင့်အတူ အပြင်ကိုထွက်ပြီး  ကစားနေရင်း အမှတ်မထင်ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ သူနှင့်မျိုးရိုးတူ လင်းယုန်ငှက်တွေကို မြင်သွားတဲ့ အခါမှာတော့ လင်းယုန်ငှက်ကလေးက

“ငါလည်း သူတို့လို ကောင်းကင်ပေါ်မှာ ပျံဝဲချင်လိုက်တာ”
ဆိုပြီး ညည်းတွားလိုက်ပါတယ်။

သူအဲဒီလို ညည်းတွားနေတာကို တွေ့သွားတဲ့ ကြက်တွေက
 “မင်း အဲဒီငှက်တွေလို ကောင်းကင်ပေါ်မှာ ပျံလို့မရဘူး…..။ မင်းက… ကြက်တစ်ကောင်အဖြစ်နဲ့ မွေးဖွားလာခဲ့တဲ့ အကောင်ပဲလေ…။ မင်းနှယ်ကွာ…ကြက်တွေ ဘယ်တုန်းကများ ကောင်းကင်မှာ ပျံဝဲနေတာ တွေ့ဖူးလို့လဲ….”
ဆိုပြီး ၀ိုင်းပြောလည်းပြော၊ ဟားလည်း ဟားတိုက်ကြတာပေါ့။

အဲဒီလို ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကြောင့် လင်းယုန်ကလေးရဲ့ သူ့ကိုယ်သူ ကြက်တစ်ကောင်အဖြစ်က မပိုလောက်ပါဘူးဆိုတဲ့ ထင်မြင်ချက်ဟာ ပိုပြီး ခိုင်မာသွားခဲ့သလို  သူ့မိဘတွေအပေါ်မှာထားတဲ့ အိပ်မက်လေးဟာလဲ သူ့ရဲ့လက်တွေ့ဘ၀မှာ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပါသတဲ့။ ဒီလိုနဲ့ပဲ လင်းယုန်ကလေးဟာ လင်းယုန်တစ်ကောင်အဖြစ် ကောင်းကင်အပေါ်မှာ ပျံဝဲဖို့ဆိုတဲ့ သူ့ရဲ့အိပ်မက်ကိုမေ့ဖျောက်ပြီး အသက်ထက်ဆုံး ကြက်တစ်ကောင်အဖြစ်နဲ့ပဲ နေထိုင်သွားခဲ့ပါတယ်။

*************************************************************************************************************************
         မိမိတို့ရဲ့  လက်တွေ့ဘ၀မှာလဲ မြင့်မားစွာ ပျံသန်းဖို့ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ လက်ရှိရောက်နေတဲ့အဆင့်ထက် ပိုပြီးမြင့်မားအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ၊ Rites and Rituals တွေရဲ့ အောက်ကနေ ရုန်းထွက်ချင်တဲ့ စိတ်ဓာတ်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမဲ့ လင်းယုန်ငှက်ကလေးဟာ သူများစကားနဲ့ လမ်းဆုံးသွားရသလိုမျိုး ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာလည်း အစဉ်အလာဓလေ့ထုံးစံတွေ၊ ကိုယ့်ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် နောက်ဆုံးတော့ သူတပါးစကားလုံးတွေ အောက်မှာပဲ လမ်းဆုံးသွားကြတဲ့ အဖြစ်အပျက်တွေလည်း မျက်မှောက်အနေအထားမှာ ဒုနဲ့ဒေးပင်။ 

အမာရီလိုမြို့ ရောက် မြန်မာနွယ်ဖွား တိုင်းရင်းသား အများအပြား သည်လည်း ဒီပုံပြင်လေးလို ဖြစ်နေသလား ပင် စဉ်းစားမိပါတယ်  မိမိတို့ရဲ့ အသင်း အနေအထားကို သုံးသပ်ကြည့်တဲ့ အခါမှာလား ထပ်တူလိုလို တွေ့မြင်နေရပါရဲ့....စာရေးသူ ဆန္ဒကတော့... သူတပါး ပါးစပ်ဖျား က ထွက်လာတဲ့  စကားလုံးများသာ မိမိဘဝလမ်း မဆုံးအောင် ကြိုးစားပြီး ကြုံလာရတဲ့ လောကဓံကို ရုန်းကန် ယှဉ်ပြိုင်စေချင်မိပါရဲ့လေ ....

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရှေ့ကအဖြစ်အပျက်တွေ၊ မှတ်သားစရာ သာဓကတွေကို နမူနာယူကာ ကိုယ့်အတွက် ရသင့်ရထိုက်တဲ့အရည်အချင်း၊ ရပိုင်ခွင့်တွေကို လက်မလွှတ်စတမ်း အသုံးချနိုင်ပြီး ကိုယ့်မှာရှိနေတဲ့ အမြင့်ပျံစိတ်ဓာတ်တွေ မွေးဖွားနိုင်ကြပါစေလို့…….။

                                                                   ခင်မင်လေးစားစွာဖြင့်
                                                                                   ωαι ρση     


Saturday 25 May 2013

ကွက်လပ်ဖြည့် စိတ်ဓါတ်

ကွက်လပ်ဖြည့်စိတ်ဓါတ်

ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊
အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊
မြေကမညီ၊ ဖုထစ်စီ၍၊
မပီသလမ်း၊ ခရီးကြမ်းကို၊
ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊
အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။

သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊
သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊
သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊
သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊
ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊

တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။
ခရီးသည်များ လမ်းညီညာလျှောက်၊
ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊
ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊
များထွေကောင်းကျိုး၊ ရရန်သာ။   ။
                                                                          
                                                                            ဥယျာဉ်မှူး
                                                                                ရန်ကင်းတောင်

Thursday 23 May 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့
“ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓလေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”
•••••••••••••••••••••••••••••••••••••••••••••••• ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။
...See More
♦ ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှု
ကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌
နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
♦ နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌
လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်
ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော
ဘ၀ဖြစ်စ...See More
♦ ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလ
ပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌သာ
ကျင်လည်ခဲ့ရပေသည်။
♦ ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌
ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်
ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့
လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်
မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။ "တိုက်တွန်းလွှာ"
•••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်
ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက
ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူး
အကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊
ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ
မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရား
အဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို
လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်
ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်း
ပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို
နိဂုံးသတ်လိုက်ပါသည်။
- အရှင်နာဂ၀ံသ -
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

Thursday 16 May 2013

အာသီသ ပတ္ထနာ တိုက်တွန်းလွှာ

လူသားတိုင်း၏ ဘ၀အနာဂတ်တစ်ခုလုံးသည် ကိုယ်တိုင်လုပ်ပိုင်ခွင့်အရှိတရားနုင့် အသိတရားတို့ရဲ့ အနိုင်အရှုံးလောင်းကြေးဖြစ်ရာ မိမိလက်ရှိအနေအထားကို သတိထားမိသူတိုင်းသည် အသိတရားလက်ကိုင်ထားကာဘ၀မြင့်ရာမြင့်ကြောင်း အကျင့်ကောင်းများကို ကြိုးစားပွားများသင့်သည်သာဖြစ်ချေ၏၊။
အများသူငါဆိုကြသလို ဘ၀ဆိုတာတိုက်ပွဲဖြစ်တယ်ဆိုရင် အဲဒီတိုက်ပွဲတွေ ထဲမှာအရှိတရားနဲ့အသိတရားတို့ရဲ့တိုက်ပွဲသည် အရေးကြီးဆုံးသော တိုက်ပွဲဖြစ်ပါလိမ့်မည်
ဒီတိုက်ပွဲမှာအောင်နိုင်သူအတွက် ချမ်းသာခြင်းမြတ်နိဗ္ဗာန်နဲ့ ရှူံးနိမ့်သူအတွက် ဆင်းရဲခြင်းအပါယ်ဟာ ဆုလာဘ်အဖြစ် ကိုယ်စီရကြမည်သာလျှင် ဖြစ်သည်မဟုတ်ပါလော၊
ဘုရားတရားအားထားယုံကြည်သဒ္ဓါပီတိကိုယ်စီအပြည့်နဲ့ဘုရားဟောကြားကိုယ်ကျင့်တရားလုပ်ပိုင်ခွင့်
အပြည့်အ၀ ရှိကြပါလျှက် သတိမမူ ဉာဏ်မကူဘဲ အသိနည်းကြလို့ လောကထဲမှာ အရာရာအောက်ကျ နောက်ကျ ရှူံးနိမ့်နေကြရသူဖြစ်နေပါသလား၊၊
လူဘ၀တည်းဟူသော ဤခန္ဓာကိုယ်ကြီသည် အဓိပ္ပါယ်ကင်းမဲ့စွာဖြင့်
ထမ်းထားဖို့ မဟုတ် ကိုယ်စွမ်းဉာဏ်စွမ်းပြဖို့ဖြစ်သလို ကြုံတွေ ရသည့် ကောင်းဆိုးနှစ်တန် လောကဓံ
သည်လည်းပဲ ထိုနည်းတူစွာပင် ကုန်းခံဖို့မဟုတ်ဘဲ ရုန်းကန်ရင်ဆိုင်ဖို့ဖြစ်ပေရာ ကိုယ်စွမ်းဉာဏ်စွမ်း
ပြည့်ပြည့်နှင့် သတိရှိရှိယှဉ်ပြိုင် တိုက်ပွဲဝင်သူတို့ သာ လောကဓံ ကိုအောင်နိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
ချမ်းသာမည် မဟုတ်ပါလော၊၊
မိတ်ဆွေ စက္ကန့်မှသည် မိနစ် မိနစ်မှ သည်နာရီအလီလီပြောင်းလို့ လာရာမှ နှစ်လ ရာသီဖြစ်ပြီး
ဘယ်မျှအသက်ရှည်လာသည်ဟုအချိန်ကို အသက်(ဘ၀)ဟု တင်စားပြုကြသည်မှန်လျှင် အချိန်ကို
တန်ဖိုးရှိရှိအသုံးမချ ဖြုန်းနေကျလျှင်ဖြင့် အသုံးကျနေသော ဘ၀ တစ်ခုကို ရနိုင်ရောက်နိုင် ပါမလား
အသင်စဉ်းစားလော၊၊
ရခဲလှသည့် လူဘ၀သည်(ချက်ပြုတ်စရာမရှိပါဘဲ ထင်းတုံးကို အလဟဿ မီးရှို့ ပစ်သလို) ဒါန
သီလ၊ဘာဝနာ ဘာတစ်ခုမှ အနှစ်သာရ မထုတ်ယူဘဲ အလကားဖြုန်းပစ်ဖို့ မဟုတ်ဘူးဆိုတာကို အသိပေး
ခေါင်းလောင်းထိုးရင် ဘ၀အနှစ်သာရထုတ်ယူကြပါစို့လို့ တိုက်တွန်လိုက်ပါသည် မိတ်ဆွေ၊၊ ၊၊

အရှင်နန္ဒဝံသ....အားမာန်ရှင်
မှတ်ချက် ....စာရေးသူ မလေးရှားနိုင်ငံ တွင် သီတင်းသုံးစဉ်က မြန်မာ့အားမာန် ပညာရေး လေ့ကျင့်သင်တန်းကျောင်းတော်ကို တည်ထောင်ဖွင့်လှစ်ခဲ့စဉ်တွင် အသုံးပြုခဲ့သော ကလောင်မှာ အားမာန်ရှင် ဖြစ်ပါသည်..ထိုစဉ်က ရေးဖြစ်ခဲ့သော အတွေးလေး ဖြစ်ပါ၏ ။

Wednesday 15 May 2013

စာရေးသူ အခြေချ သီတင်းသုံးတဲ့ ကျောင်းတော်မှာ  အမျိုးဘာသာ သာသနာအကျိုးကို ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင်ရွက်ဆောင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့   အသင်းလေး တစ်ခု တည်ထောင်ဖွဲ့စည်းထားပါတယ် ..  အခုဆိုရင် အသင်းရဲ့ သက်တန်းဟာ နှစ်နှစ်အတွင်း ချဉ်းနင်းလို့ ဝင်ရောက်လာခဲ့ပြီပေါ့  ဒီကာလတွေ အတွင်း အသင်းနဲ့ လက်တွဲပြီး အမျိုး ဘာသာ သာသနာ နဲ့ ဆိုင်ရာ ပွဲတော်များကျင်းပပြီး အောင်ပွဲ အသီးသီး ရခဲ့ပြီးဖြစ်ပါတယ် .... 
သို့သော်... စာရေး သူ မြန်မာပြည်သို့  နှစ်လ ကျော်ကြာ ကုသိုလ်ခရီးသွားရောက်နေစဉ်မှာတော့ အသင်းရဲ့ ရည်မှန်းချက်များ ဟာ အရောင်ဖျော့သွားသည့်နှယ် ခံစားနေရပါတယ်  ထို့အတူပင် အသင်း ကြီးရဲ့ အမာခံ အဖွဲ့ဝင်များမှာလဲ လျှော့ပါးသွားကြသလို အချင်းချင်းအကြားမှာလဲ  ဖေါ်ရွှေလက်တွဲလိုမှုတွေ ခန်းခြောက်သွားသလို ထင်နေရလေ ... ဒီနေ့တော့  ကြည့်မိ ဖတ်မိ သူတွေ သတိရှိပါစေတော့ ဆိုတဲ့ အတွေးလေးနဲ့ အောက်ဖေါ်ပြပါ  ဓမ္မအတွေးလေးတွေကို မျှဝေပေးလိုက်ပါရဲ့ ...........

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူကြည့်အောင်ပဲ နေသွားမှာလား?

ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊ နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။
ဒိုးပတ်ဝိုင်းအတိုင်း ၀ါးနဲ့ချိုးပြီး စက္ကူနဲ့ လုပ်ထားတာ၊ နှဲဆိုရင်လဲ နှဲအတိုင်း ၀ါးနှီး စက္ကူနဲ့ လုပ်ထား
တာ၊ ၀ါးလက်ခုပ်လဲ အဲဒီလိုပဲ ၀ါးနှီးနဲ့လုပ်ပြီး စက္ကူနဲ့ လုပ်ထားတာ၊ ဒိုးပတ်ဆိုရင်လဲ ဒီအတိုင်းပဲ
မောင်းဆိုရင်လဲ ဒီအတိုင်းပဲ၊ မောင်းတီးတဲ့ဒုတ်လဲ ဒီအတိုင်းပဲ ၀ါးနှီးနဲ့ရက်ပြီး စက္ကူနဲ့ လုပ်ထားတာ။
တီးတော့တီးတယ် အသံမမြည်ဘူး။ ခေါင်းဆောင်က ရွှိ..လို့ ခရာမုတ်လိုက်တာနဲ့ အကုန်တီးကြတယ်
ပါးစပ်ကလဲ ဘာအသံမှမထွက်ဘူး။ တီးတဲ့ဟာတွေကလဲ ဘာအသံမှ မထွက်ဘူး အဲဒီလို အသံမထွက်
ဘဲ ခြောက်ကပ်ကပ် တီးဝိုင်းကို ပတ်ခြောက်ဝိုင်းလို့ခေါ်တယ်။

ကာလသားတွေက လုပ်ကြအုံးမယ်ကွ ဆိုတော့ လုပ်ဟေ့၊ အိမ်က၀ါးလုပ်ငန်း လုပ်တော့
ဝါးကျွမ်းကျင်တယ်၊ ၀ါးကိုနှီးထိုး ဒိုးပတ်လုပ်၊ မောင်းလုပ်၊ လင်းကွင်းလုပ်၊ ၀ါးလက်ခုပ်လုပ်ပေါ့၊
ကိုယ်ကလဲ ၀ါးလက်ခုတ်တီးတဲ့ အထဲပါတယ် ၀ါး စက္ကူနဲ့လုပ်ပြီး အသံမမြည်အောင် တီးရတာ။
တီးတဲ့သူတွေက တိုက်ပုံအင်္ကျီ လုံချည်အကွက်ကြီး ကိုယ်စီဝတ်စုံ ၀တ်ထားကြတယ်။ အလှူလှည့်
ပြီဆိုရင် လူတွေက ဘာကိုကြည့်သလဲဆိုရင် အဲဒီ ပတ်ခြောက်ဝိုင်းကိုကြည့်တယ်။ ကြည့်တဲ့သူ
ဖက်ကတော့ ဘာအတွက်ကြည့်သလဲ မသိဘူး၊ တီးရတဲ့သူကတော့ လူတွေများများ ၀ိုင်းကြည့်နေပြီ
ဆိုရင် တီးတာပဲ၊ ဘာအသံမှ မထွက်ဘူး။

 ခေါင်းဆောင်က ရွှိ..ဆိုတာနဲ့ ၀ုန်း ၀ုန်း ၀ုန်းနဲ့ (အသံတော့
မမြည်ဘူး) ခေါင်းဆောင်က ရွှိ..ဆိုရင် ရပ်လိုက်၊ ရပ်လိုက်တဲ့ အချိန်မှာ လက်ရွယ်တဲ့ အတိုင်းပဲ၊
လင်းကွင်းက ထိနေရင် ထိနေတဲ့အတိုင်းပဲ၊ ဟနေရင် ဟနေတဲ့အတိုင်းပဲ ပြရတာ၊ တခြားဟာတွေလဲ
ဒီအတိုင်းပဲ၊ အခုခေတ် VCD ကြည့်နေရင်း Pause လုပ်ထားလိုက်သလို လူတွေကလဲ ငြိမ်နေတာ။
တကယ့် ဒိုးပတ်ဝိုင်းကျတော့ သိပ်မကြည့်ကြဘူး၊ ဒီအသံမထွက်တာကျတော့ ကြည့်ချင်ကြ
တယ်၊ အဲဒီ လှည့်နေတုံး အချိန်ကတော့ ဘယ်စဉ်းစားမှာအုံး၊ လှည့်နေတုံးကတော့ ကိုယ်ပါတဲ့ဝိုင်း
ကြည့်လေလေ သဘောကျလေပေါ့၊ ရွှိ..ဆိုတာနဲ့ အား..၊ ရွှိ..ဆိုတာနဲ့ ရပ်၊ ပုံပေါ်အောင် မပြောပြ
နိုင်တာကတော့ ဘုန်းဘုန်းဖက်က ညံ့တာ။


အိမ်ပြန်ရောက်မှ စဉ်းစားတယ်၊ ဒို့.. အသံမထွက်ဘဲနဲ့ တီးတာကို လူတွေကကြည့်တာ ဘာ
လို့ ကြည့်တာလဲ? ၊ ဆိုင်းဝိုင်းဆိုတာ အသံမြည်ရမှာ၊ ဆိုင်းဝိုင်းဆိုတာ နားထောင်စရာကောင်းရမှာ၊
အခုကျတော့ ဆိုင်းဝိုင်းလုပ်ပြီးတော့ အသံမထွက်တဲ့ ဆိုင်းဝိုင်းဆိုလို့ တော်တော်အံ့စရာကြီးပါလား၊

“ ငါ့ဘ၀မှာ ငါကအသံမထွက်တဲ့ ဆိုင်းဝိုင်းလုပ်၊ လူကြည့်အောင်ပဲ ဘ၀ကြီးကို နေသွားမှာလား၊? ”
“ ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို သွားမှာလား၊ တကယ့် ဒိုးပတ်ဝိုင်းလို သွားမှာလား ? ” တကယ့်ဒိုး
ပတ်အစစ်က တီးရင်အသံမြည်တယ်၊ နားဆင်သူတိုင်း သာယာနာပျော်တယ်၊ တီးရင် စည်းကျဝါးကျ
ရှိတယ်၊ တီးရင် သူနဲ့ကိုယ် အပေးအယူ ရှိတယ်။ ပတ်ခြောက်ဝိုင်း ဆိုတာက ရွှိ.. လို့မှုတ်လိုက်ရင်
တီးပြမှုတ်ပြ၊ ရွှိ.. လို့ မှုတ်လိုက်တာနဲ့ ရပ်။ ခေါင်းဆောင်ကလဲ ဘယ်လိုတီးပါ ဘယ်လိုမှုတ်ပါလို့
သင်ထားတာမရှိ၊ သင်လဲ သင်စရာမရှိ၊ မသိတုံးကတော့ ဟေးလားဝါးလား ပါလိုက်တာပေါ့။
ပတ်ခြောက်ဝိုင်းဆိုတာကို နားလည်သဘောပေါက်ရင် ကိုယ့်ဘ၀ကို ပတ်ခြောက်ဝိုင်းလို
လုပ်မှာလား၊ လူတွေဝိုင်းကြည့်ရင် ပြီးရောလား ?။ လူ့အသိုင်းအ၀န်းမှာလဲ ပတ်ခြောက်ဝိုင်းလို
ရှိကြတာကိုး၊ ဟေး.. ဆိုတာနဲ့ လုပ်ကြရပြီ၊ ဟေး..ဆိုတာနဲ့ နားကြရပြီ၊ သွားဆိုတာနဲ့ သွားကြရပြီ၊
ရပ်ဆိုတာနဲ့ ရပ်ကြရပြီ။ ပတ်ခြောက်ဝိုင်းဆိုတာ လူကြည့်တာပဲ ရှိတယ် ဘာအသံမှ မထွက်တော့
ဘုန်းဘုန်းဘ၀မှာ ဘာအရသာမှ မရှိခဲ့ဘူး။

တကယ့် တီးဝိုင်းတစ်ခုဆိုတာ သူ့အသံ ကိုယ့်အသံ ညီရမယ်၊ အပေးအယူရှိရမယ်၊ စည်းကျ
ဝါးကျ ညီရမယ်၊ အဲဒီလို တစ်ယောက်အသံ တစ်ယောက်ကြား တစ်ယောက်နဲ့တစ်ယောက် အပေး
အယူ မျှနေရင် သာသာယာယာအသံနဲ့ တီးဝိုင်းတစ်ခု ဖြစ်လာပါတယ်။ အခုတော့ ပတ်ခြောက်ဝိုင်း
ကြီးက ရွှိ..ဆိုတာနဲ့ လုပ်၊ ရွှိ..ဆိုတာနဲ့ရပ်၊ ဒါလေးတစ်ခုပဲရှိတယ်၊ ဘယ်လိုတီးရမလဲ မသိ၊ ဘယ်လို
အပေးအယူ ရမလဲ နားမလည်၊ ကိုယ့်တူရိယာကလဲ အသံမထွက်၊ သူ့တူရိယာကလဲ အသံမထွက်၊
ကိုယ့်အသံ သူနားထောင်၊ သူ့အသံ ကိုယ်နားထောင် ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ အဲဒီမှာတင်
စည်းရုံးမှုတို့၊ ညီညွတ်မှုတို့၊ အပေးအယူမျှတာတို့ ဘယ်တော့မှ မရနိုင်။

ဘယ်တော့မှ ငါ့အဖွဲ့အစည်းကိုတော့ ပတ်ခြောက်ဝိုင်းလို ၀ိုင်းအဖြစ် မခံနိုင်ဘူး။ ငါကိုယ်
တိုင်လဲ တီးတိုင်း တီးတိုင်း အသံမြည်တဲ့ တူရိယာပဲတီးမယ်။ တိုးတက်ကြီးပွား အောင်မြင်ဖို့ဆိုတာ
စည်းလုံးဖို့၊ ညီညွတ်ဖို့၊ အပေးအယူမျှတဖို့လိုတယ်၊ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးမှာ တာဝန်အသီးသီး ယူထားကြတဲ့  သူတော်ကောင်းတို့ တစ်တွေလဲ တကယ့်ဒိုး
ပတ်ဝိုင်းလို စည်းစည်းလုံးလုံးနဲ့ တိုးတက်ကြီးပွား အောင်မြင်ပြီး လိုရာခရီးသို့ လျောက်လှမ်းနိုင်
ကြပါစေလို့  ဆုတောင်းရင်း အတွေးမျှဝေမှုကို ရပ်နားလိုက်ပါတယ်
 
မှတ်ချက်။ ။ပတ်ချာဝိုင်း=ပတ်ခြောက်ဝိုင်း (အသံမထွက်တဲ့ ဒိုးပတ်ဝိုင်း)

{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း( ၉၀) မှ ကောက်နုတ် ဖေါ်ပြပါသည်။}

Monday 13 May 2013

မောင့် သဘော

စာရေးသူသည် အမေရိကန်နိုင်ငံတွင် အခြေချ သီတင်းသုံးခါဖြင့် အမျိုး ဘာသာ သာသနာအကျိုး ကို သယ်ပိုးဆောင်ရွက်နေရာမှ ပြည်မြန်မာ ဋ္ဌာနေဆီသို့ အလယ်တစ်ခေါက် ပြန်လည်သွားရောက်ခဲ့ပါတယ် နှစ်လကျော်ကြာ ကာလအတွင်း  ပြည်တွင်းဒေသ အသီးသီးတွင် တတ်စွမ်းသမျှ ဓမ္မဒါန ပညာဒါန အလှူတော်များ ပြုလုပ်ခဲ့ပါတယ်  ယခုအခါမှာတော့ အမေရိကန်ဋ္ဌာနေသို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ ။   ပြန်ရောက်ခါစ ဆိုတော့ နေ့ည မှားနေသေးသလို  ဘာကိုမှ တိတိပပ မလုပ်ဖြစ်သေး....  မိမိပြန်လာမည့် ရက်ကို မျှော်တွေးနေသူတွေ ရှိကောင်း ရှိနိုင်မယ်လို့လဲ ထင်မိပါရဲ့... ပြန်မလာလဲ ဘာမှ မဖြစ်တန်ရာ ဟု တွေးနေသူတွေလဲ ရှိမှာပါပဲ .. ..  အမျိုး ဘာသာ သာသနာအတွက် ရယ်လို့ နှုတ်ဖျားက ထုတ်ဖေါ်ပြောကြား နေခဲ့ရပေမဲ့ အမျိုးဆိုတာ ဘာ ... ဘာသာ ဆိုတာ ဘယ်လို ... သာသနာဆိုသည် ဘယ်အချက်ဆိုတာ မိမိကိုယ်တိုင်ပင် နားလည်အောင် ကြိုးစားဖို့ လိုနေအုံးမယ်လို့ ထင်မိလိုက်ပါရဲ့ ... အင်း  အကြောင်း အမျိုးမျိုးကြောင့်  ဝဘ်ဆိုက်လေးကိုပင် အပ်ဒိတ် မလုပ်အားခဲ့ရာမှ ခုတော့  ပြည်မြန်မာတစ်လွှားမှ ရရှိခဲ့တဲ့ ခွန်အားတွေနဲ့   ဘာသာ သာသနာအတွက်တစ်က ပြန်စဖို့ အားသစ်မွေးရင်း ဒီနေ့တော့ အောက်ဖေါ်ပြပါ ပုံပြင်လေးနဲ့  စလိုက်ချင်ပါရဲ့....

..... တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်…. ဘုရင် ကြီး မေးလိုက်တဲ့ မေးခွန်းလေးကတော့ ...

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “  ဆိုတာပါပဲ ဖြစ်ပါတော့တယ်
အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……မလှပနိုင်တော့ဘူးနော်………. 
ဒီဆောင်းပါးလေးကို ဖတ်ရှုပြီး စာရေးသူရဲ့  အနာဂတ်  ဘယ်ကစ လို့ ဘာတွေ လုပ်ရမလဲ ဆိုတာသည် ....အမတ်ကြီး အဖြေစကား လိုပင်  အသင်းသူ အသင်းသားများ သဘော ဆန္ဒရှိသလို  အမျိုး ဘာသာ သာသနာအတွက် ရှေ့ဆက်ဖို့ရန်သာ ဖြစ်ပါတယ်ဆိုတာ.........

                                                                           ဇေယျသုခ အရှင်နန္ဒဝံသ