သီတင်းကျွတ်ပြီ
-မီးပုံးပျံ လွှတ်ရအောင်
အနာဂတ် အတွက် သက်ပျင်းလေး တစ်ချက်
လေပြေလေညှင်း တိုက်ခတ်ခြင်းနဲ့ အတူ သီတင်းကျွတ်ကာလ ရဲ့ ရာသီ ဥတုက သာတောင့်သာယာ
ရှိလှပါတော့တယ် ၊ မြူတိမ်ကင်းတဲ့ ကောင်းကင်အာကာမှ ထွက်ပြူစ လစန္ဒာ ကို
မြင်ရတဲ့အခါမှာတော့ မကြာမီ သီတင်းကျွတ် လပြည့်တော့မှာပါလား ဆိုတဲ့ အသိတရား က
ဦးနှောက်တစ်နေရာမှာ နေရာယူလာပြန်ပါတယ် ၊ သဘာဝရဲ့ ပြောင်းလဲ မှု့ နိယာမ သဘောကို မလွန်ဆန်နိုင်လို့ ဖြူ ၊နီ ၊ပြာ ၊၀ါ -ရောင်စုံ
ဖြာစ ပြုလာတဲ့ သစ်ပင်လေးတွေကလည်း သင်္ခါရလောကကြီးမှာ အစဉ်ထာဝရဆိုတာ အပိုစကားလို့
ပြောပြနေသလိုလိုပင် ထင်မိပါရဲ့..။
စက္ကန့် မှသည် နာရီ ၊ ရက်၊ နေ့ အလီလီ ပြောင်းရွှေ့မှုတွေက
ရာသီ စက်ဝန်း ဖြစ်ထွန်းခြင်း အစ ပဲ ဖြစ်လေ မလားပင် မသိပါချေ...သတိထား
စဉ်းစားမိတော့ ဆယ်နှစ်လ ရာသီ ဆိုတာ ဘယ်မှာ တကယ်ကြာလို့လဲ ၊
ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို လွန်မြောက်လို့ ဆောင်းရာသီပင် ၀င်ရောက်တော့မယ် မဟုတ်ပါလား
၊
ဒီလို
နာရီတွေပြောင်း ..ရာသီပေါင်းများလာနဲ့အမျှ သစ်ပင်ဖျားတွေက သစ်ရွက်များလို
မိမိဘ၀သက်ရွယ်သည်လည်း ဇရာထောင်းလို့ အရွယ်ဟောင်းလာကာ သစ်ရွက်တွေ
ညှာပြုတ်ကြွေကျ မြေမှာခ..ရသလို ဇရာ ဗျာဓိ မရဏ ဆိုတဲ့ ဘေးတွေက
ခ..ရအုံးတော့မှာပါလားလို့ တွေးမိပြန်ပါတယ် ။ ဒီတော့လဲ လျှောက်လှမ်းရအုံးမည့်
ရှေ့ အနာဂတ်လမ်းကို မှန်းဆခါ တွေးရင်းဖြင့် သက်ပျင်းလေး တခုကို
သာသာညှင်းညှင်း ချလိုက်မိပါတော့တယ် ။
သက်ပျင်းချ...အတွေးစ
တစ်ခုရဲ့နောက်ကွယ်မှာ
မရေ ရာ မသေချာ သေးတဲ့ အတွေး တခု နောက်ကွယ်မှာတော့ စဉ်းစားဖွယ်ရာ မြောက်များစွာဟာ
အစီအရီ ငြိတွယ်ပါလာလေရဲ့.. ၊ မပြည့်စုံသေးတဲ့ ပညာရေးရယ် ၊မပြည့်ဝသေးတဲ့
ဆန္ဒလေးတွေက ဘ၀ကို မရေရာ မသေချာတာတွေ ဖြစ်နေစေသလား ပင် မသိတော့ချေ ။ တကယ်တော့
ဘ၀ဆိုတာ ၀ိရောဓိ များစွာရဲ့ ဆုံမှတ်တခုဖြစ်တယ် ၊ ကံ ဆိုတဲ့ ဇာတ်ဆရာက ဘယ်သူ့ကိုမှ
လိုလေသေး မရှိအောင် စွမ်းဆောင်ပေးတာတော့ မဟုတ်နိုင်ဘူး ၊ အားနဲ ချက်တွေကို
ရှာဖွေဖြည့်ဆီးရင်း ခရီးပြင်း နှင်ရတာမျိုးဆိုတာကိုဖြင့် မေ့နေခဲ့မိတယ် ။
မိမိဘ၀ရဲ့အရှိကို
မိမိကိုယ်ပိုင်အသိက နိုင်အောင် မထိန်းနိုင်ခဲ့လို့ အရှိတရားရဲ့
နှိပ်စက်ဒဏ်ကို ခံခဲ့ ရတယ်ဆိုတာကိုလည်း ကိုယ့်ဘ၀အတွေ့အကြုံအရ သိလိုက်ရပြန်တယ်
၊ ဒီတော့လဲ အနာဂတ်မှာ ထပ်ခါမမှားရအောင် အသိတရားတွေ တိုးပွားဖို့ သတိထား
လမ်းလျှောက်ရတော့မယ်လို့ ပဲ ခံယူမိလိုက်ပြန်ပါရဲ့ ။
လမ်းလျှောက်ရင်းက
အတွေးတစ်စ
သီတင်းကျွတ်ပြီ ၊မီးပုံပျံ လွှတ်ရအောင်
၊မီးစာ ကို ရေနံ ဆွတ်ပါ- မိုးလွတ်ပါမည်လား... တဲ့..။ မေ့မရသေးသော ကလေးဘ၀တုန်းက ရခဲ့ဖူးတဲ့
ကဗျာလေး တစ်ပုဒ်ကို နှုတ်ကနေ လှုပ်လှုပ်ရွရွ ရွတ်ဆိုရင်း လမ်းလျှောက်တွေးနေမိတယ် ။
မီးပုံးပျံဆိုတာကို စက္ကူ၊ ကော် စသည်ဖြင့် ဖွဲ့စည်း တည်ဆောက်ပြီး
မီးစာတပ်ဆင်ရတယ် ၊အဲဒီ မီးစာမှာ ရေနံ ကောင်းကောင်းဆွတ်ပေးရတယ်၊ ဒါမှ
မှိုင်းထွက်အားကောင်းပြီး မီးပုံပျံကို အထက်အမြင့်အဆီ သယ်ဆောင်သွားနိုင်ပါမယ်၊
မှိုင်းအားကောင်းရင် ကောင်းသလောက် အမြင့်ရောက်နိုင်တာ ဖြစ်ပါလိမ့်မယ် ။
မီးပုံပျံ လွှတ်တင်ချိန်မှာ မိုးလေ လွတ်ကင်းဖို့လဲ လိုအပ်တာပေါ့ ၊ ဒါကြောင့်ပင်
ထင်ပါရဲ့ ၀ါလကင်းလွတ် တဲ့ သီးတင်းကျွတ်လကို ရွေးပြီး ရှေးစာဆိုကြီးများက.
သီတင်းကျွတ်ပီ မီးပုံပျံ လွှတ်ရအောင် စသည်ဖြင့် ရေးသားခဲ့တာလို့ အတွေးချဲ့မိတယ် ။
မီးပုံ ပျံ ပမာ ဘ၀ခန္ဓာ
တကယ်တော့ ရုပ် နာမ် နှစ်ဖြာတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့
ဘ၀ခန္ဓာကိုယ်ကြီးကိုလဲ ဓါတ်ကြီးလေးပါးတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားလို့ မီးပုံးပျံ
သဖွယ်လျှင် တင်စားလို့ ရမယ် ထင်ပါတယ် ၊ ကုသိုလ်ကံ မှိုင်း
ကောင်းရင် ကောင်းသလောက် အမြင့်တက်၊ အထက်ရောက် နိုင်သလို ကုသိုလ်ကံမှိုင်း
အားနည်းခဲ့မယ် ဆိုရင်လဲ ဆင်းရဲနိမ့်ကျ ဘ၀မလှ ဖြစ်ရတတ်တာက သာဓကတွေ
များစွာပေါ့ ၊ ကောင်းတဲ့ပညာရှင်က အချိုးကျကျ စီမံ ပြုလုပ်တဲ့ မီးပုံပျံဟာ
သေသပ် လှပ သလို ကုသိုလ်ကံက စီမံ ပေးတဲ့ ဘ၀တွေကျတော့လဲ အထက်တန်းကျ
မျက်နှာပန်းလှတာပေါ့ ၊ ဒါကြောင့် ဘ၀အဆင့် မြင့်သည်ထက် မြင့်ချင်ရင်
ကုသိုလ်ဖြစ်အောင်တွေးပြီး ကုသိုလ်စိတ်လေးနဲ့ နေခါ ကုသိုလ်ြဖစ်မည့်
အမှု့တွေပြုခြင်းဖြင့် ဘ၀ကို ကုသိုလ်ကံ မှိုင်းကောင်းကောင်း ပေးသင့်တယ်လို့ ခံ ယူ
လိုက်မိတယ် ။
မှိုင်းကုန် မြေခ ... မီးပုံပျံ ဘ၀လို
မီးပုံပျံတွေဟာ မိုးပျံတက်တယ်ဆိုပေမည့် မှိုင်းရှိသမျှသာ ဖြစ်ပါတယ်
၊မှိုင်းကုန်တဲ့အခါ အောက်မြေဆီ ပြန်သက်ဆင်းလို့ ပျက်စီိးခြင်း အဆုံးရှိတယ်ဆိုတာလဲ
တဆက်တည်းတွေးမိတယ် ၊ ဒီလိုပါပဲ လူ့လောကမှာလဲ ကုသိုလ်ကံတွေ ကောင်းနေချိန်မှာ
အောင်မြင်မှု့တွေရ ၊ လောကမှာ အထက်တန်းကျစွာဖြင့် ရာထူးနဲ့ စီးစိမ်နဲ့ နေပင်
နေရပါ သော်လည်း ကုသိုလ်ကံအဟုန် ကုန်တဲ့အခါမှာတော ကြံရာမပြီး အချည်းနှီး နဲ့
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပါတယ် ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဗြဟ္မာ့ပြည်မှာ
တ၀င်းဝင်း - ၀က်စာကျင်းမှာ တရှုပ်ရှုပ်လို့ ဟောခဲ့တာဖြစ်မယ်လို့
တွေးလိုက်မိပါတယ် ။
တကယ်တော့ လူသားတိုင်းဟာ လူ့ဘ၀ ရလာတယ် ဆိုကတည်းက အတိတ်က ကုသိုလ်ကံ
ကောင်းမှု့တွေ အနဲ နဲ့ အများ ရှိမှာပဲ ဖြစ်ပါတယ် ၊ ရလာတဲ့ လူ့ဘ၀မှာ
မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နဲ့ ကုသိုလ်ကံ မှိုင်း အသစ် မဖြစ်စေခဲ့လို့သာ
မှိုင်းကုန်တဲ့ မီးပုံပျံလို တဖြေးဖြေး နိမ့်ကျ နွမ်းပါး ဆင်းရဲများနဲ့
ကြုံနေရတယ် အဆင်မပြေမှု့တွေနဲ့ ကြုံနေရတယ် ထင်မိပါတယ် ။
ကုသိုလ်ကံကြောင့် ဖြစ်တည်လာရတဲ့ ဘ၀မှာ မေ့လျှော့ ပေါ့ဆစွာ မနေပဲနဲ့
ကုသိုလ်ကံတွေကိုသာ ထပ်ခါ ထပ်ခါ ပြုဖြစ်နေမယ်ဆိုရင် ဒီကံအသစ်တွေကြောင့် ဘ၀အဆင့်ဟာလဲ
မြင့်သည်ထက် မြင့်နိုင်တာပဲ ဖြစ်ပါတယ် ၊ ဒီလိုမဟုတ်ပဲ အတိတ်ကံ အကြောင်း
အကျိုးပေးကောင်းတာကိုပင် ဘ၀င်မြင့် မာန်ထူ စီးစိမ်ယူ နေမယ်ဆိုပါရင်
အဟောင်းချည်းစားနေ သူနဲ့ တူနေပါတယ် ၊ အဲဒီ ကံ အဟောင်းသာ ကုန်လို့ကတော့
မှိုင်းကုန်တဲ့ မီးပုံပျံအသွင်လို အားကိုးရာ မဲ့ အောက်ကို တဖြေးဖြေး ဆင်းသက်
မြေခရမှာပါလားလို့ တွေးပြီး ကိုယ့်ကိုယ်ကို သတိပေး နေမိပါတယ် ။
ဘ၀ အဆင့် မြင့်သည်ထက် မြင့်အောင်
ဘ၀အဆင့်တွေ တစ်ဆင့်ထက် မြင့်ရာ မြင့်ကြောင်းတွေကို ဗုဒ္ဓမြတ်စွာက
မိန့်မှာတော်မူခဲ့ရာမှာ သီလ ၊သမာဓိ ၊ပညာ ဟာ အရေးပါဆုံးပင် ဖြစ်ပါတယ် ၊ ဒီအထဲ
မှာ ပညာနဲ့ ပတ်သက်လို့ အသိ သုံးမျိုးရှိကြောင်း မှတ်သားရဖူးပါတယ် ။
နံပါတ်တစ်
ကတော့ ``ကိုယ်တိုင်ပြုထား ၊ကံတရား၊ သိငြား မူလဆင့်`` ဆိုတဲ့ အတိုင်း
ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကောင်းမှု့ မကောင်းမှု့တို့ရဲ့အကောင်းနဲ့ အဆိုး၊
အကြောင်းနဲ့ အကျိုးကို ညာဏ်နဲ့ ချိန်ထိုး သိတာပါ .။.ဥပမာ ကောင်းတာပြုရင်
ကောင်းကျိုးရမယ် ၊ မကောင်းတာ ပြုရင် မကောင်းကျိုးရမယ် ဆိုတာတွေပါပဲ ။
ဒီအဆင့်မှာ ရာထူး ဂုဏ်သိန် စီးစိမ် ချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံဖို့ဆိုရင် ဒါန
ပြုရတယ် ၊ ဒါန ရှင် ဖြစ်မှ ဓန ရှင် ဖြစ်နိုင်တယ် လို့ သိပြီး တစ်ချို့က ဒါနကို
အားကိုးပြီး ကြိုးစား ပြုကြလို့ ချမ်းသာကြတယ် ၊ ချမ်းသာသလို စီးစိမ်ကို
ခံစားသုံးဆောင်နိုင် ဖို့ ဆိုသည်မှာလဲ ကျန်းမာဖို့ လိုအပ်တယ်လို့ သိပြီးတော့
ကျန်းမာအောင် သီလ ကိုလဲ အားကိုး ကြိုးစားစောင့်ရှောက်ကြတယ် ၊
ကျန်းမာ၊ချမ်းသာသလို ရှိတဲ့ ဓနဥစ္စာကို အကျိုးရှိအောင် စီမံ ခန့်ခွဲ
သုံးတတ်အောင်ဆိုရင် ညာဏ်ပညာ နဲ့ ပြည့်စုံဖို့လိုတယ်လို့ စဉ်းစားပြီး
တရားနာခြင်း တရားထိုင်ခြင်း စသည့် ဘာဝနာ အလုပ်ကို အားထုတ်ကြပြန်တယ် ၊ ။
အဲဒီတော့ သူတို့မှာ အတိတ်ကံလဲ ကောင်း ၊ပစ္စုပ္ပန် ကံတွေကလဲ ကောင်းတော့ အကောင်းတွေ
ပေါင်းစုံပြီး အမြင့်မှာပဲ အစဉ် တင့်တယ် ၀င့်ထယ်နေတော့တာပေါ့ ။ ဒါကြောင့်
အမြင့်မှာ အစဉ် ၀င့်ထယ်စွာ တင့်တယ်ရအောင် ဆိုပါရင် ဒီ ဒါန သီလ ဘာဝနာ အလုပ်တွေ ကို
တတ်နိုင်သမျှ ကြိုးစား ရမှာ ဖြစ်ပါတယ် ။ ဒီတရား သုံးပါးက နိမ့်နေသူကို
မြင့်စေနိုင်တယ် ၊ မြင့်နေသူကို အမြင့်မှာ တည်တန့်စေနိုင်တာမို့ ဘ၀ အဆင့် မြင့်သည်ထက်
မြင်အောင်ဆိုရင် လူတိုင်း လူတိုင်း ဒီတရား သုံးပါးကို သိရှိနားလည် ကျင့်ပွား
နိုင်မှ ဖြစ်ပါလိမ့်မယ်လို့ နားလည်မိတယ် ။
ချမ်းသာ ဆင်းရဲ မကွဲအတူ... အပူတွေနဲ့
အထက်မှာ ရေးသားခဲ့တဲ့အတိုင်း ရှေးကံရော ပစ္စုပ္ပန်ကံတွေပါ ကောင်းကြလွန်းလို့ ဒီဘ၀မှာ
အစစ ပြည့်စုံသူတွေ ချမ်းသာသူတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ ဒါပေမည့်
``လူတစ်စု ပူမှု့ ရယ်တဲ့ ဆယ်ကုဋေ `` ဆိုတဲ့ အတိုင်းပါပဲ ။ လူတိုင်းမှာ အပူ တွေ
ရှိနေတာကို သိနားလည်ခဲ့ရပါတယ် ၊ ဥစ္စာ ဓန ပြည့်စုံ သူတွေမှာ ကြောင့်ကြဗျာပါဒ နဲ့
ပူနေရသလို မရှိနွမ်းပါး ဆင်းရဲသားတွေမှာလဲ တောင့်တ ပြီး ပူနေရတာပါပဲ ၊ဒါကြောင့်
``မရှိပြန်တော့လဲ တောင့်တပူ ရှိပြန်တော့လဲ ကြောင့်ကြပူ ..လူဘ၀ ကြီး အထက်မီး
အောက်မီး မုန့်နဲ့..တူ `` လို့ ဆိုလိုက်ချင်ပါတော့တယ် ။
အပူကင်းအောင် ...သတိဆောင်
အပူ မကင်းတဲ့ လောက အတွင်းမှာ အပူကင်းအောင်နေနည်း ကိုလည်း ဗုဒ္ဓရှင်ပင်က
သွန်သင်လမ်းပြ ဆုံးမ ခဲ့ပါတယ် ၊ ဒါကတော့ သတိပဋ္ဌာန် ၀ိပဿနာ တရားကို ရှု့မှတ်ပွားများ
ဖို့ ပါ ။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ စသော ဒီ ဘုရားဟော ဒေသနာ သည်
လိုက်နာသူတို့အတွက် သောကကင်းဝေး နေနိုင်ရေး ဆေးတစ်ခွက် ဖြစ်သလို အပူကင်းရန်
နတ်ဆေးမွန် လဲ အစစ်ပါပဲ ၊
ဒါဆိုရင် လူ့ဘ၀မှာ ပထမ အဆင့်အနဖြင့် ချမ်းသာ ဖို့ ၊ကျန်းမာဖို့ နဲ့ အသိညာဏ်ပညာ
ပြည့်စုံဖို့ အဓိက ကျသလို ဒုတိယ အဆင့်အနေဖြင့် အပူအပင် ကင်းကင်းနေနိုင်ဖို့
အဓိကကျတယ်လို့ ကောက်ချက်ဆွဲလို့ ရမယ် ထင်ပါတယ် ။ ဆောင်းပါးတစ်ခုမှာတော့
လူတစ်ယောက်ဟာ နံပါတ်တစ် အိပ်ပျော်ဖို့ ၊နံပါတ်နှစ် စားဝင်ဖို့ ၊နံပတ်သုံး
ရယ်ရွှင်နိုင်ဖို့ အဓိကကျတယ်လို့ မှတ်သားမိဖူးပါတယ် ။
ဒီတော့ အပူကင်းကင်း နဲ့ နေနိုင်အောင်ဆိုရင် သတိပဋ္ဌာန် ၀ိပဿနာ ပွားများ နေဖို့
လိုအပ်ပါတယ် ၊ စီးပွားရေး လူမှု့ရေးတွေ ကြားမှာ မအားလပ်လို့ ၀ိပဿနာရှု့ပွားဖို့
အချိန်မရဘူးဆိုရင်တောင်မှ ဘုရားရှိခိုးခြင်း၊ မေတ္တာ ပို့သခြင်း ၊
ပုတီးစိပ်ခြင်း စသည့် သမထ အလုပ်တွေဟာလဲ စိတ်ကို ငြိမ်းစေ အေးချမ်းစေ နိုင်လို့
အပူကို ကင်းစေနိုင်တာပဲ ဖြစ်ပါတယ် ၊ ၀ိပဿနာ မြတ်ပညာ မှတ်ပါ အလယ်ဆင့် ဆိုတဲ့
အတိုင်း ဒီလို သမထ ၀ိပဿနာ နဲ့ နေနိုင်ပြီ ကျင့်နိုင်ပြီဆိုရင် ဒါဟာ ဘ၀ရဲ့ ဒုတိယ
အဆင့်မှာ နေနိုင်ခြင်းလို့ သတ်မှတ်ခံယူလို့ ရပြီပဲ ဖြစ်ပါတယ် ။
အမြင့်ဆုံးအဆင့် ...တံခါးပွင့်နေ
အို စာရှူသူ ဓမ္မ မိတ်ဆွေ ၊ ကံ ကောင်း အကြောင်း လှစွာဖြင့် လူဖြစ်လာပြီးတဲ့နောက်
အခြေခံ ပထမအရေးကြီးဆုံးဖြစ်တဲ့ ကမ္မဿကတာ ညာဏ်ပညာ ရှိပြီး ဒါန သီလ ဘာဝနာ
ကုသိုလ်တွေကိုလည်း လုပ်ဖြစအောင် ကြိုးစားတယ် ၊ ဒုတိယအဆင့် အနေဖြင့် ပူပင်သောက
ဗျာပါဒ မဲ့စွာ အိပ်ပျော်စားဝင် ရယ်ရွှင်နိုင်ဖို့ သမထ ၀ိပဿနာလဲ လုပ်ဖြစ်တယ်ဆိုရင်
အမြင့်ဆုံးအဆင့်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန် ဆိုတဲ့ အမြင့်ဆုံး အဆင့်ဟာ မိမိအတွက်တခါး
ပွင့်နေမှာ မလွဲပါဘူး ။
အဲဒီလို မဂ်ဆင့် ဖိုလ်ဆင့် တံခါး မပွင့်နိုင်သေးတောင်မှ
ကိုယ့်ရဲ့ ကုသိုလ်ကံ ကြိုးစား အားထုတ်မှု့ အတိုင်းအတာ အရ နတ်ပြည် ဗြဟ္မပြည် ကျင်လည်ရပါစေအုံးတော့
အရှုံးမရှိနိုင်ပါဘူး ။ဘုံစဉ် စံ ဘ၀နဲ့လည်း နိဗ္ဗာန် ကို မျက်မှောက် ပြုနိုင်တာ
ဖြစ်လို့ အောက်ကို ပြန်ကျရတဲ့ ဘ၀ဆိုးမျိုးနဲ့ မတိုးနိုင်တော့ဘူးပေါ့ ။
ဘ၀ မီးပုံပျံ...မှိုင်းဖြည့်ချိန်တန် ပြီ
ဘ၀ ဆိုတာ မီးပုံပျံပမာ တူတယ်ဆိုတာကို အတွေးဖြစ်မိတဲ့ အဆုံးမှာတော့ ၊ ကိုယ့်ဘဝ
မီးပုံးပျံကိုလဲ မြင့်သည်ထက် မြင့်ရာဆီကို တက်စေ ဖို့ဆိုရင် ၊ကုသိုလ်ကံ
မှိုင်းဖြည့်ဖို့တော့ချိန်တန်လာပီလို့ သဘောပေါက်လာခဲ့တယ် ။ သီတင်းတွေ
ကျွတ်ခဲ့ပေါင်းလဲ များပါပီ ၊ ဘ၀ မီးပုံးပျံကို မှိုင်းဖြည့်တင်းဖို့ တခါမှ
မတွေးခဲ့မိဖူးပါဘူး ၊ အရွက်ကျရာ အပင်ပေါက်တတ်တဲ့ ရွက်ကျပင်လေးလို ကံဇာတ်ဆရာ အလိုကျ
လောက ဇာတ်ခုံပေါ်မှာ ပျော်နေမိခဲ့တယ်လေ ။
အခုတော့ ကိုယ့်ဘ၀ခန္ဓာ မီးပုံးပျံ မှာ ကုသိုလ် ကံ မှိုင်း လျှော့နေတာကို
သတိထားခဲ့မိပါပီ .. အရင်လို မဟုတ်တော့သည့် ခန္ဓာကိုယ် အနေအထားက ဇရာရဲ့ ဖိစီးမှု့ ၊
ဗျာဓိရဲ့ နှိပ်စက်မှု့တွေကြောင့် နုပျိုရာမှ အိုမင်းရင့်ရော်တဲ့ဆီ ၊ ကျန်းမာရာမှ
ဖျားနာ ရာဆီ ဦးတည်နေခဲ့သည်ကို သတိထားခဲ့မိပါပီ ..။ တစ်လောက နယူးယောက်မြို့
ရောက်တော့ လောကချမ်းသာ ဆရာတော်ကြီး က မိန့်တယ်၊ အသက်ကြီးလာရင် အားလုံးကို
အရှုံးပေးရ တော့တာပဲ တဲ့ ၊ သံဝေဂ ပါတဲ့ ဆရာတော်ကြီး မိန့်စကားက နားထဲမှာ
မထွက်သေးပါဘူး ၊။
အခု လဲ သီတင်းကျွတ်ပါတော့မည် ၊ မီးပုံပျံ လွှတ်ချိန် မတန်သေးသော်မှ
ဘ၀မီးပုံပျံကို နိဗ္ဗာန် နန်းထိ ရောက်သည့်တိုင်အောင် စွမ်းဆောင်နိုင်ဖို့ဆိုရင်
မှိုင်းဖြည့်ဖို့တော့ အချိန်တန်ပါပီ။
မှိုင်းလျော့ကာ မနိမ့်ကျရအောင် မှိုင်းဝပြီး
အထက်အဆင့်တွေ မြင့်ရာတက်နိုင်ရအောင် ရည်ဆောင်လို့ ဘ၀မီိးပုံးပျံကို
အမျိုး ဘာသာ သာသနာ အတွက် အကျိုးရှိရာ ကဏ္ဍလေးတွေမှာ စွမ်းနိုင်သလို
ပါဝင်ရင်း ဒါန ၊ သီလ ၊ ဘာဝနာ မှိုင်း၊ သီလ၊ သမာဓိ ၊ပညာမှိုင်းများဖြင့်
အားဖြည့် တော့မယ်လို့ စိတ်ကူးရင်း... စာရှုသူ ဓမ္မမိတ်ဆွေ အပေါင်းကိုလဲ
နိဗ္ဗာန်တိုင်ပေါက် ခရီးရောက်နိုင်သည့် ကုသိုလ်ကံ မှိုင်းအားပြည့်သော
စီးစိမ်ချမ်းသာနှင့် ပြည့်စုံပြီး ကျန်းမာ ၊ညာဏ်ကြီးသည့် ဘ၀ခန္ဓာပိုင်ရှင်
မီးပုံးပျံကြီးများ ဖြစ်နိုင်ကြပါစေကြောင်း ၀ါကျွတ်ဆုမွန်ကောင်း
တောင်းလိုက်ပါတော့တယ်။
ဇေယျသုခ
အရှင်နနန္ဒဝံသ (Amarillo, Tx, U.S.A)