Tuesday 29 January 2013
ချစ်သောမေမေ ချစ်မေမေ
ချစ်သော မေမေ ချစ်မေမေ
ဇေယျသုခ အရှင်နန္ဒဝံသ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ဥသြ …ဥသြ…ဥသြ….
  • အရုဏ်ဦးရဲ့ အလင်းရောင် နဲ့ အတူ ပေါ်ထွက်လာလေ့ရှိတဲ့ ဒီ အသံလေးကို လူတိုင်းလိုလို ကြားဖူးနေကြမယ် ထင်ပါရဲ့နော်… နွေကြို တေးကို ဆိုလေ သလား ဆောင်းလွမ်းတွေးကို ဆိုညည်း သလား မတွေးတတ်ပေမဲ့ ငှက်ကလေးရဲ့ ဒီတေးသံကတော့ အလွမ်းဓါတ်ခံ ရင့်သန်သူရဲ့ နှလုံးသားကို ညို့ယူသွားသလိုလို ခံစားလိုက်ရပါတယ်..။
  • ဥသြ ဥသြ ဥသြ လို့ အခါခါ တွံသံပေးတတ်ပါတဲ့ ငှက်ကလေးရဲ့ ဒီတေးသံဟာ ခေတ္တ ခဏ မှာတော့ နားဝင်ပီယံ ဖြစ်သလို ခံစားလိုက်ရပါရဲ့ ။ ဒါပေမဲ့လည်းလေ.. ကြိမ်ဖန်များစွာ ကြားလာရတဲ့ အခါမှာတော့ အမေ ပျောက်လို့ အမေ ရှာပုံတော်ဖွင့်နေတဲ့ ကလေးတစ်ယောက်ရဲ့ ငိုသံလိုလို ခံစားရပြန်ပါတော့တယ်…။
  • အော် ဥသြ ငှက်လေးရယ် .. အမေ နဲ့ ဝေးပြီး တကိုယ်တည်း အထီးကျန်နေလို့ ဒီ အကျည်းတန် တေးကို ဟစ်ကြွေးနေတာ ဆိုရင်လဲ ဒို့ကို တလှည့်ပေးပါအုံးလို့ တောင်းဆိုပါရစေနော်… ဘာလို့ လဲ ဆိုတော့ ငါလဲ မင်းလိုပဲ အမေ ဝေးရာ ရောက်နေပြီး အမေကို တမ်းတ သတိရနေလို့ပေါ့ ဥသြလေးရယ် ..။
  • ဒီအတွေးလေးတွေ ဝင်လာချိန်မှာတော့ ဥသြငှက်လေးရဲ့ အသံ ကို လေးနက်စွာ အဓိပ္ပါယ်ဖေါ်တွေးထားတဲ့ ရှေးကဖတ်ခဲ့ဘူးတာလေးက ခေါင်းထဲမှာ အလည်ရောက်လာပါတော့တယ်။ ကျီးကန်းတစ်သားပေါက်တဲ့အခါ ဥသြတစ်ကောင် ပါဝင်ပါသတဲ့။ ဥကနေ အကောင်ဘဝ အရောက် ပေါက်ဖွားလာတဲ့အခါ ကျီးကန်းပေါက်စလေးတွေကတော့ သူတို့အမေကို အမေမှန်း သိပါသတဲ့..။ ဥသြလေးကတော့ ကျီး ကန်းနဲ့အသွင် သဏ္ဌာန်ချင်းတူပေမဲ့ အကောင်အရွယ်အစား ကွာခြားတာရယ်.. ဟစ်ကျွေးအော်ပြန် အသံကွားခြားတာရယ်ကြောင့် ကျီးမကြီးကို သူ့မိခင် မထင်နိုင်ပါဘူး တဲ့..။
  • ကျီးကန်းလေးတွေ အမိရင်ခွင်ထဲ ခိုလှုံနေချိန်မှာတော့ ဥသြငှက်လေးကတော့ အမေပျောက်လို့ လိုက်ရှာနေလေသတဲ့ လေ။ အဲ ဒီ ဥသြ ငှက်ကလေးရဲ့ မေရော အမေရော ဆိုတဲ့ မိခင်မေးတဲ့ စကားသံကို လူသားတို့ နားမှာတော့ ဥသြ ဥသြလို့ … ကြားကြတယ်လို့ မှတ်သားရဘူးပါတယ်။
  • ဘာပဲ ပြောပြော ဥသြငှက်ကလေးရဲ့ ဒီတေးသံဟာ သူ့ရင်ကို ခွဲပီးမှ ရင်ကွဲထွက်သလား ထင်မိပါရဲ့ နော် အနုပညာရှင်တွေက အမေ သီချင်းတွေကို ရင်ဘတ်နဲ့ ရင်းပြီး ဆိုသွားကြပါသတဲ့ … ဒီဥသြ ငှက်ကလေးရဲ့ အမေပျောက်တေး ဆိုဟန်ကိုသာ စင်တင်ခွင့် ရခဲ့ရင်… သူ့ရင်ကွဲသံလေးကိုများ အကယ်ဒမီ ပေးကြမလား လို့ တွေးမိပါရဲ့နော် ..။
  • စာရေးသူကတော့ ဥသြငှက်လေးရဲ့ အသံသာသာ တွန်ကျူးသံကို ကြားရလေတိုင်း အမေကို တမ်းတ သတိရစိတ်လဲ ပိုဖြစ်မိသလိုလိုပါပဲ
  • အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ ဥသြငှက်ကလေးသည်ပင် အမေကိုတမ်းတ အမေကို သတိရလို့ အမေပျောက်တေးကို အစဉ်အဆက် ဟစ်ကြွေးနေပါသေးရင် ကိုယ်လိုလူသား တစ်ယောက်အနေနဲ့ အမေ့ရုပ်သွင် နဲ့ တုနှိုင်းမမှီတဲ့ အမေ့ဂုဏ်ရည်ကို သတိရသင့်ပါကလားလို့လဲ တဆက်ထဲ တွေးမိလိုက်ပါရဲ့ ပေါ့…
  • အို စာရှူသူ… အမေ ရဲ့ အသက်နဲ့ ရင်းပြီးး လူလောကအတွင်း ချဉ်းနင်းရောက်လာခဲ့ကြရတဲ့ ဒို့တစ်တွေဟာ အမေနဲ့ဝေးရာ ပြေးခွာနေနေကြရသော်မှ အမေ့မေတ္တာ ငွေလမင်းနဲ့ မကင်းနိုင်တာကို စဉ်းစားကြည့်သင့်ကြတယ်နော်… အနေဝေး ပေမဲ့ သားသမီးတို့ နဲ့ ဝေးဝေး မနေတတ်ကြတဲ့ အမေ့ရုပ်လွှာ မှာ အမေ့မေတ္တာကို ရှာကြည့်တတ်ရင် အဝေးကပင် မြင်နိုင်တာပဲ မဟုတ်လား ..။
  • စာရေးသူကတော့ ဆောင်းလေအေးထက် ဆ ..ရာပြန်တက်အောင် အေးလှပါတဲ့ အမေ့မေတ္တာကို… ဆီးနှင်းမြူတိမ် သူရိန် မီးခိုး ညစ်မျိုးမထင် ထက်ကောင်းကင်မှာ သာချင်တိုင်းသာနေတဲ့ လစန္ဒာရဲ့ အလင်းရောင်နဲ့ နှိုင်းယှဉ်ပြီး အမေဂုဏ်ရည်တွေကို ပို တွေးတတ်နေပြီလေ
  • အမေရေ..ဥသြလေးရဲ့ တွန်သံကို ဗဟိုလ်ပြုလို့ အတွေးထုမှ စိုးမိုလာတဲ့ အမေနဲ့ အမေ့ကျေးဖူး ..ဘယ်လိုပင် ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ရေးနေဦးတော့ ကုန်နိုင်မယ် မထင်ဘူးအမေ ..ဒါကြောင့် အတွေးလေးကို ဒီမှာ ရပ်ပြီး ပြာသိုလ်လပြည့် အမေနေ့မှာ အဝေး က အမေ ၊ အတွေးထဲ က အမေ ၊ သွေးထဲက အမေ ၊အမေ လို အမေ ၊ အမေ နဲ့တူသော အမေ … အားလုံးသော မေမေတွေ ကျန်းမာ ပါစေ ချမ်းသာပါစေလို့ ဆန္ဒချွေဆုတောင်းလိုက်ပါတော့တယ် အမေ…။
  • အမေ့ မေတ္တာ..၊ပန်းရွှေကြာနှင့် ၊ပမာ နှိုင်းဆို ၊မပြောလိုဘူး ၊ထိုပန်း နေမှာ ၊ နွမ်းတတ်လို့…
  • အမေ့မေတ္တာ ၊စမ်းရေပြာ နှင့် ၊ ပမာနှိုင်းဆို ၊မပြောလိုဘူး ၊ ထိုစမ်း နွေမှာ ခမ်းတတ်လို့..
  • အမေ မေတ္တာ ၊စန်းစန္ဒာနှင့် ၊ပမာနှိုင်းဆို ၊ မပြောလိုဘူး…၊ထိုစန်း တိမ်လွှာ ဖုံးတတ်လို့…
  • နှိုင်း တု မမြင် ၊… မြတ်မိခင်ကို ၊ကျွန်လျှင်မြတ်နိုး ၊လက်စုံမိုး၍ ၊ ရှိခိုးကန်တော့လိုက်ပါသည် အမေ….
ပြာသိုလ်လပြည့် အမေနေ့ အမှတ်တရ
တိုက်တွန်းနှိုးဆော်လွှာ
ဇေယျသုခ ဘုန်းတော်ကြီးကျောင်း တိုးချဲ့ ဝယ် မြေကွက်အတွက် အလှူရှင်များ တိုက်တွန်းနှိုးဆော်လျက်ရှိ
ဇေယျသုခ ဘုန်းတော်ကြီးကျောင်း တိုးချဲ့ ဝယ် မြေကွက်အတွက် အလှူရှင်များ တိုက်တွန်းနှိုးဆော်လျက်ရှိ
မိုးမခအထောက်တော် (အမာရီလို)၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၃
အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် မြန်မာတိုင်းရင်းသားပေါင်းစုံတို့ မှ စုပေါင်းတည်ထောင်ထားရှိသည့် ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ တိုးချဲ့ ဝယ်ယူခဲ့သည့် မြေကွက် ၂ ဧကခန့်  အကျယ်ဝန်းအတွက် စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ တိုးချဲ့ မြေ ၂ ဧကခန့် မှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လတွင် လာအိုခြံပိုင်ရှင်တဦးဆီမှ ဒေါ်လာ တစ်သိန်းတသောင်းကျော်ဖြင့် ငါးနှစ်ပေးချေစနစ်ဖြင့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းနာမည်နဲ့ ဝယ်ယူထားခဲ့ပြီး ၄င်းတိုးချဲ့ မြေ ၂ ဧကထဲတွင် ကျောင်းထိုင်ဆရာတော် လက်ရှိ သီတင်းသုံးနေထိုင်တော်မူနေသည့် အလျား ၇၆ ပေ၊ အနံ ၁၈ ပေခန့် ရှည်လျားသည့် ကျောင်းဆောင်တလုံးနှင့် ဓမ္မာရုံအဖြစ်အသုံးပြုထားသည့် အလျား ၃၀ ပေ၊ အနံ ၄၀ ပေခန့် ရှည်လျားသည့် အဆောက်အအုံတလုံးပါဝင်ကြောင်း သိရှိရသည်။
ယခင် နှစ်ကာလများက စီစဉ်ကျင်းပခဲ့သည့် တရားသဘင်ပွဲများနှင့် လရာသီ အလိုက် ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်များတွင် အဆိုပါတိုးချဲ့ မြေကွက်၌ ယာယီမဏ္ဍများထိုးကာ နေပူဒဏ် နှင့် နှင်းလေအေးဒဏ်တို့ ကြားမှ အဆင်ပြေချောမွေ့ အောင်မြင်အောင် ကြိုးစားစီစဉ်ဆောင်ရွက် ကျင်းပခဲ့ကြရကြောင်း သိရသည်။
ယခုကာလသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများ တနှစ်တာ ပေးဆောင်ထားသည့် အခွန်ငွေများကို အစိုးရမှ ပြန်လည်ရှင်းတမ်းထုတ်ပေးနေသည့် ကာလဖြစ်သည့်အတွက် စေတနာ့ရှင် အလှူ့ ရှင်များကို ဒေသခံ ဗုဒ္ဓဘာသာ တိုင်းရင်းသားများကိုသာမက နိုင်ငံနဲ့ အ၀ှမ်း ဗုဒ္ဓဘာသာဝင်များကိုပါ အလျား အနံ ၁၅ ပေ ပတ်လည်း မြေတကွက်ကို ဒေါ်လာ သုံးရာ (၃၀၀) နှုန်းထားဖြင့် အကျိုးမျှော် နှိုးဆော် တိုက်တွန်းလျက်ရှိကြောင်းလည်း သိရသည်။
ဆက်သွယ်လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များ နှင့် အီမဲလ်လိပ်စာများမှာ
အရှင်နန္ဒ၀ံသ   > +806-290-8017
ashinnandavamsa@gmail.com
ဦးညီညီလွင်     > +806+3168+441
nyithura2010@gmail.com
ဦးကျော်ဝေစိုး   > +806+881+8310
kyawwaisoe@gmail.com
ဦးထွန်းတင်      > +806+340+8705
tuntinaung9@gmail.com
Friday 25 January 2013
တန်ဖိုးရှိသော စကားများ
တန်ဖိုးရှိသော စကားများ
  • အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။ (ဘင်ဂျမင်ဒစ်ဆရေလီ)
  • အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။ (အယ်ဘတ်အိုက်စတိုင်း)
  • လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌
    အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။ (ဟင်းရစ်အစ်ဆန်)
  • ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။ (အီစွတ်)
  • သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။ (ဆမ်းမာဆက်မော)
  • ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။ (လိုင်ဗွီ)
  • စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
  • ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
  • မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)
  • မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။ (နီကီတာခရုရှက်)
  • တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။ (လူခရီးတပ်စ်)
  • သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။ (ရပ်ဝယ်ဒိုအီမာဆန်)
  • ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။   
  • အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။    
  • မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။ (ဂျော့ဖရီချော်ဆာ)
  • ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။ (အဲဖရက်တင်နီဆင်)
  • အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။ (ဘလက်စတုံး)
  • သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)
  • ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဘားနဒ်ရှော)
  • သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဂျွန်မီတန်)
  • ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)
  • သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။ (ပလူးတက်)
  • သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။ (ချားဒါဝင်)
  • အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ (ဘင်ဂျမင်ဖရင်ကလင်း)
  • လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ (စီဆာရို)
  • ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)
  • ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။ (အလက်ဇန်းဒါးပုတ်)
  • အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။ (ပလူးတက်)
  • စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း  အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။ (လောင်ဖဲလ်လိုး)
  • ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။ (ဗစ်တာဟူဂို)
  • ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။ (ဂျေ ၊ ဂျေ ၊ ရူးဆိုး)
  • ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။ (သိုးဆောင်းစကားပုံ)
  • အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။ (အဂ္ဂါး)
  • သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။ (အင်္ဂလိပ်စကားပုံ)
  • စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။ (ဒီဖိုမင်း)
  • စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့်  သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။ (ဒေါက်တာဝီလျံအိုစလာ)
တန်ဖိုးရှိသော စကားများစာအုပ်မှ ကောက်နှုတ်ထားပါတယ်။ ဒီစာအုပ်ကိုဘာသာပြန်သူမှာ စာရေးဆရာကြီး 'သုတေသီဘုန်းမြင့်သွေး' ဖြစ်ပါတယ်။
စဉ်းစားစရာလေးတွေ
ကိုယ့်တရားကို ကိုယ်ကျင့် ကြဖို့ က ပဓာန
ရာမခရစ်ရှန ရဲ့ ပုံပြင်တစ်ခု ဖတ်ဖူးတယ်။
ရသေ့တစ်ပါး က ပြည့်တန်ဆာ မ တစ်ဦး နေတဲ့ အနားမှာ သီတင်းသုံးနေသတဲ့။
လူတစ်ယောက် ပြည့်တန်ဆာမ အိမ် ထဲ ၀င်တိုင်း ရသေ့ က ကျောက်ခဲ တစ်လုံး ကို ပုံလိုက်တယ်။ နေ့ရက်တွေ ကြာ လာတော့ သူ့ ကျောင်းရှေ့မှာ ကျောက်ခဲ့ ပုံကြီး ဖြစ်လာရောတဲ့။ ရသေ့ က ဒီ ကျောက်ခဲပုံကြီး ကို ကြည့် ပြီး ဒီပြည့်တန်ဆာ ရဲ့ အပြစ်တွေ ကို ရေတွက် နေသတဲ့။
သူတို့ နှစ်ဦး သေလွန်တဲ့ အခါ ပြည့်တန်ဆာ က ကောင်းကင်ဘုံ ရောက်လို့ ရသေ့ က ငရဲ ပြည်ကျ ပါသတဲ့။
ရသေ့ က မကျေနပ်တော့ ဘုရားသခင် ကို သွားမေးတယ်။ သူလို သူတော် ကောင်းရသေ့ ကို ငရဲချ ပြီး ဒုစရိုက် လုပ်တဲ့ မိန်းမ ကို ကောင်းကင်ဘုံ ကို ဘာလို့ ပို့ သလဲ ပေါ့။
ဘုရားသခင် က ပြန်ဖြေတယ်။
ပြည့်တန်ဆာ က သူကျင့် ရမဲ့ တရားကို သူ ကျင့်တယ်။ သူ့ ကို ငါက ပြည့်တန်ဆာ အဖြစ် ဖန်ဆင်းထားတဲ့ အတိုင်း သူဋ္ဌေးဖြစ်ဖြစ် သူတောင်းစား ဖြစ်ဖြစ် တူညီသော ပြုစုယုယမှု ကို ပေးတယ်။ ဒါကြောင့် သူ့ ဓမ္မ ကို သူ ကျင့် လို့ သူ့ ကို ငါ ကောင်းကင်ဘုံ ပို့ တာ။
မင်း ကတော့ ငါက သူတော်စင်ရသေ့ ဖြစ်အောင် ဖန်ဆင်းခဲ့ ပေမဲ့ ကိုယ့်ဓမ္မ ကို ကိုယ် မကျင့် ပဲ အချိန်ဖြုန်းပြီး သူများ အပြစ် ကို လိုက် ကြည့် နေတတ်လို့ မင်း ကို ငါက ငရဲ ချ လိုက် တာ။
ဒီတော့ ကိုယ့်တရားကိုယ် ကျင့် ကြဖို့ က ပဓါနလိုရင်း ပါပဲ။ ကဲ  ဓမ္မမိတ်ဆွေ..  ဒီပုံပြင်လေးကို ဖတ်ပြီး သင်ရော ကျွနှုပ်ပါ စဉ်းစား ပြုပြင် နေချိန်တန်ပြီနော် လို့  သတိပေးလိုက်ပါရစေ
Wednesday 23 January 2013
မျှော်လင့်ရင်း ဝေး
ကျနော် နာကြားဖူးတဲ့ တရားလေးထဲက ဇာတ်လေးတစ်ပုဒ်ကို ပြောပြချင်မိတာနဲ့ ဒီစာလေးချရေးမိတယ်။
အမည်ကိုတော့ “ပေါက်ပွင့် ခွေးမျှော်” ဇာတ်လို့ ပေးထားလိုက်မိတယ်။
ဒီလိုဗျ။
တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အရမ်းကို အစာကို တောင့်တရှာဖွေနေ တဲ့အချိန်ပေါ့။ အဲအချိန်မှာ သူဟာ ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့ပါသတဲ့။ ဒီတော့ ဒီခွေးစိတ်ထဲမှာ ဒီပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်ပြီး အာသာငမ်းငမ်းနဲ့ ပေါက်ပင်အောက်ကနေ ဆာလောင်မွတ်သိပ်စွာနဲ့ ဒီအမဲသား ကျလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်တဲ့။
အဲကြွေကျပါပြီ။
ပေါက်ပွင့်တပွင့်။
ဒီခွေးဟာ ၀မ်းသာအားရနဲ့ အမဲသားအထင်နဲ့ ပြေးပြီး နမ်းကြည့်လိုက်တော့ ပေါက်ပွင့်ကြီး ဖြစ်နေပါရောတဲ့။ သူထင်သလို အမဲသားမဟုတ်ဘူးလေ။
ဒါပေမယ့် သူကတွေးတယ်။ ဩော် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ ကျန်တဲ့အပင်ပေါ်က နီနီရဲရဲ တွေကတော့ အမဲသားပဲဖြစ်မှာပါဆိုပြီး ဆာလောင်စွာနဲ့ ဆက်မျှော်နေပါသတဲ့။
ဒါပေမယ့် ကျလာသမျှကို ကြည့်လိုက်တော့ အမဲသားမဟုတ်ပဲ ပေါက်ပွင့်သာ ဖြစ်နေပါသတဲ့။
ဒါလည်း သူက ဇွဲမလျော့ဘူး။ အင်း အပေါ်မှာ ကျန်တာတွေကတော့ အမဲသားဖြစ်မှာပဲဆိုပြီး ဆက်စောင့်ပြန်ပါသတဲ့။ ဒီလိုနဲ့ ပေါက်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်ကြွေသာသွားတယ် သူမျှော်လင့်တဲ့ အမဲသားကိုတော့ အစတောင်ရှာ မရခဲ့ပါဘူး။ နောက်ဆုံး ရနိုးရနိုးနဲ့သူဟာ မျှော်လင့်တောင့်တရင်းနဲ့ပဲ ပေါက်ပင်အောက်မှာ အဆာလွန်လို့ သေပွဲဝင် ရရှာတယ်။ သူသေသာသွားတယ် သူမျှော်လင့်တဲ့အမဲသားကိုရမသွားရှာပါဘူး။
--------------------------------xxxxxxxxxx----------------------------------------
ဒီမှာတစ်ခန်းရပ်လို့ စဉ်းစားကြည့်မိတယ်။
အင်း…တို့တွေ လည်းဘာထူးလို့လဲ။ ဒီလိုပါပဲ။
ရထားတဲ့ ခန္ဓာက ဒုက္ခခန္ဓာ။
မျှော်လင့် တောင့်တ နေတာက သုခချမ်းသာ။
ဒုက္ခပြီးရင်းဒုက္ခပဲရှိတဲ့ ပေါက်ပင် ကနေ သုခနဲ့ တူတဲ့ အမဲသား ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ဒါလည်းမျှော်တုန်းပါပဲ။ မွေးကတည်းကမျှော်ခဲ့ရတဲ့ သုခချမ်းသာတွေ အိမ်ထောင်ပြုရင်ကောင်းမှာပဲလို့တွေးပြီး ပြုလိုက်ပြီ။ ဟောပေါက်ပွင့်တစ်ပွင့်ကြွေပြီ။ ဘာရလဲ။ ဒုက္ခပဲတွေ့ တယ်။
ဒါပေမယ့် အင်း သားသမီး ရှိရင်ပိုပြီး သာယာချမ်းမြေ့လာမှာပဲလို့ ချမ်းသာကို ဆက်မျှော်ပြန်တယ်။ ရလာပြီသားသမီး။ ဟောပေါက်ပွင့် နောက်တစ်ပွင့်လေ။
သူ့အတွက် အပူတွေ တိုးလာတာပဲလေ။
ဒါလည်း အင်း မြေးလေး သာရှိလာခဲ့ရင် သုခချမ်းသာ ပိုပြည့်စုံမှာပဲလို့ဆက်မျှော်ပြန်ရော။
ဟောရလာပြီ မြေးလေး။ နောက်တစ်ပွင့် ထပ်ကြွေပြန်ပြီ။
နောက်ဆုံးတော့ ရလာတာသမျှတိုင်းသည်ပင် ဒုက္ခချည်းပဲဖြစ်နေတာကိုး။
အင်းဘာပဲပြောပြော ရနိုးရနိုးနဲ့ မျှော်ရင်း မျှော်ရင်းနဲ့သာ သေကြရတော့မယ်။ အခုထိ ကိုယ်မျှော်နေတာတွေဟာ ဒုက္ခဖြစ်ကြောင်းတွေပါလားလို့ မစဉ်းစားမိသေးဘူးလေ။
အင်း သေခါနီးထိလည်း မျှော်နေဦးမှာပါပဲ။
ရလာတဲ့ ဒုက္ခအပင်က ပွင့်သမျှ၊ သီးသမျှတွေဟာ ဒုက္ခတွေသာ ဖြစ်မှာပါလားလို့  မတွေးမိသမျှကတော့ ဒီ ဒုက္ခထဲက သုခကို မရှိတာ မျှော်နေသလို ဖြစ်နေမှာပေါ့။
ဒါကြောင့် ဒီခန္ဓာကြီးကို အဟုတ်အရှိလို့ ထင်နေသမျှ သတ္တ၀ါတိုင်းဟာ ဒီ“ပေါက်ပွင့် ခွေးမျှော်”ဇာတ်ထုတ်ကြီး ခင်း နေတာနဲ့ မခြားပါလားဆိုတာလေး နှိုင်းယှဉ်မိရင်း….ကိုယ့်အဖြစ်ကိုယ် ရင်မောစွာဖြင့် အမြန်ဆုံး ကြိုးစားရုန်းထွက်နိုင်မှ တော်ကာကျပေတော့မည်ဖြစ်ကြောင်းလေး ပြန်လည်ဖောက်သည်ချလိုက်ရပါတော့သည်။
စောသဇင်(မန္တလေး)
ကမ္ဘာကျော်တို့ရဲ့ ဗုဒ္ဓဘာသာ အပေါ် အမြင်များ
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)
(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)
(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)
(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)
(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)
(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)
(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)
(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)
(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Tuesday 22 January 2013
နင်လားဟဲ့ လောကဓံ
နင်လားဟဲ့ လောကဓံ
အထိနာခဲ့ပေမဲ့ အသိမနာခဲ့ပါဘူး။
လဲကျခဲ့ပေမဲ့ ကျခဲ့တဲ့နေရာမှာ
ငါ မအိပ်ခဲ့ပါဘူး။
ရှုံးနိုမ့်ခဲ့ပေမဲ့ အရှုံးထဲမှာ
ငါ နွံမနစ်ခဲ့ပါဘူး။
ငါ့ကို ဆုတ်ယုတ်အောင်လုပ်ခဲ့ပေမဲ့
ငါ ယုတ်လျော့ မသွားခဲ့ပါဘူး။
ဒဏ်ရာတွေနဲ့ ပြည့်ခဲ့ပေမဲ့
မှန်ရာကိုသာ ငါ လုပ်ခဲ့တယ်။
ငါ့ကို ထိုးနှက်ခဲ့ပေမဲ့ ငါ ထိုးထွက်ခဲ့တယ်။
ငါ့ကို တားဆီးထားခဲ့ပေမဲ့ ငါ ကျော်လွားခဲ့တယ်။
ငါ့ကို ပိတ်ဆို့ထားခဲ့ပေမဲ့
ဇွတ်တိုးလို့ ငါထွက်ခဲ့တယ်။
ငါ့ကို ခြေမှုန်းလို့  တိုက်ခိုက်ခဲ့ပေမဲ့
“စံ”  နိုင်အောင် ခံနိုင်ရည် ကို ငါမွေးခဲ့တယ်။
အဲဒါတွေ.......
ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။
ငါ့ကို သွေးတိုးစမ်းနေတဲ့ ကောင်
“လောကဓံ” ဆိုတဲ့
ခပ်ကြောင်ကြောင် ငနဲ တစ်ကောင်ပေါ့။
ငါ အော်လို့မေးလိုက်ချင်တယ်။
မင်းလားကွ “လောကဓံ”လို့ ............
Friday 18 January 2013
တိုက်တွန်းနှိုးဆော်လွှာ
အမေရိကန်နိုင်ငံ ၊  တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊
 ဇေယျသုခ ဓမ္မရိပ်သာ 
တိုက်တွန်းနှိုးဆော်လွှာ
 ကလျှာဏနွယ်ဝင် စေတနာရှင် အပေါင်းတို့ခင်ဗျာ
          ကျွန်တော်များ မှီတင်းနေထိုင်ရာ အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် တိုင်းရင်းသားပေါင်းစုံ ကုသိုလ်ရှင်များက စုပေါင်း၍ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတော်ကို ဝယ်ယူတည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။                                                                                           
          သဒ္ဓါကြည်လင် ပါရမီရှင် အပေါင်းတို့၏ ပူးပေါင်းပါဝင် ကုသိုလ်ယူလှူဒါန်းမှုတို့ဖြင့် အမျိုး ဘာသာ သာသနာ အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မြေမာက်များစွာသော အကျိုးထူးတရားများ ဖြစ်ထွန်းပေါ်ပေါက်၍ အောင်မြင်မှုအသီးသီး ရရှိခဲ့ပြီး ဖြစ်ပါသည် ။
          အနာဂတ်ကာလတွင်  လူငယ်များအတွက် ပညာရိပ်သာ ၊ လူကြီးများအတွက် တရား ရိပ်သာ ၊ အားလုံးအတွက် မြန်မာကွန်မြူနတီ စင်တာ ဖြစ်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည် ။ ထို့ပြင် မျိုးဆက်သစ်များအတွက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်အောင် ကြိုးစား ဆောင်ရွက်ရန်  စီမံကိန်း ချမှတ်ထားပြီးဖြစ်ပါသည် ။
          ဤသို့ရည်မှန်းချက်များထားရှိကြသည့်အတိုင်း အဆက်ဆက်သော အကျိုးတော်ဆောင်များ၏ အားထုတ်ကြိုးပန်းမှု၊ အလှူရှင်များ၏ စုစည်းညီညွတ်မှု တို့ဖြင့် ကျောင်းနှင့်ကပ်လျှက်ရှိသော အဆောင်အုံနှစ်လုံးပါ ခြံအမှတ်(၇၃၀၃)ကို  ငါးနှစ်ငွေအကြေချေ စနစ်ဖြင့် အများပိုင် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းအမည်ပေါက် တိုးချဲ့ ဝယ်ယူခဲ့ပါသည် ။ 
          အို ..ကုသိုလ်ရှင် စေတနာရှင်အပေါင်းတို့ ....တိုက်တွန်းနှူိုးဆော်လိုက်ပါရစေ ခင်ဗျာ
          သံဃာတော်များ၏ အထွေထွေ ဝေယျာဝစ္စ နှင့်အတူ ကျောင်းတော်ကြီး အရှည်ခန့် တည်တန့်နိုင်ရေး ၊ အများအကျိုး ဆထက်တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ရေး အတွက် လစဉ် ရေးမီးဂက်စ် စသည့်ကုန်ကျစရိတ်များနှင့် ကျောင်းမြေ တန်ဖိုး အလှူတော်ငွေများကို မိမိတို့  စွမ်းနိုင်သလို ထည့်ဝင်လှူဒါန်းပေးတော်မူကြပါရန် အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်  အပ်ပါသည်ခင်ဗျာ
ဘဏ္ဍာငွေ ရှာဖွေရေး ဆပ်ကော်မတီ  ။ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊
ဇေယျသုခ ဓမ္မရိပ်သာ
လစဉ်  လှူဒါန်းနိုင်သော ကုသိုလ်တော်များ
စဉ်
တာဝန်ယူ လှူဒါန်းနိုင်သည့် အရာ လှူဒါန်းဖွယ်ရာ
တန်ဖိုးသင့်ငွေဒေါ်လာ
   မှတ်ချက်
တိုးချဲ့ ဝယ်ယူခဲ့သည့် ကျောင်းမြေ အတွက် ၁၅ ပေ ပတ်လည် တစ်ကွက် အတွက်
     ၃၀၀း ၀၀
 မိမိအဆင်ပြေသလို လှူဒါန်းနိုင်ပါသည်
လျှပ်စစ်မီး အသုံးပြုခ ကုန်ကျစရိတ် တစ်လလျှင်
     ၁၀၀း ၀၀
  လစဉ်
ရေ အသုံးပြု ကုန်ကျစရိတ် တစ်လလျှင်
     ၁၀၀း ၀၀
  လစဉ်
တယ်လီဖုံး အသုံးပြု ကုန်ကျစရိတ် တစ်လ
      ၄၅း  ၀၀
  လစဉ်
အင်တာနက် အသုံးပြု ကုန်ကျစရိတ်
      ၄၅း ၀၀
  လစဉ်
ဂက်စ်ကုန်ကျ စရိတ်
      ၄၅း ၀၀
  လစဉ်
ဘုရားပန်းအလှူ အပါတ်စဉ်
      ၂၀း ၀၀
အပါတ်စဉ်
ကျောင်းမော့ဂိတ်အလှူ လစဉ်
   ၁၄၅၀း၀၀
မိမိစွမ်းနိုင်သမျှ ထည့်
ဝင်လှူဒါန်းနိုင်ပါသည်
သေက်ရေသန့်နှင့် အထွေထွေ ဝေယျဝစ္စ သုံး ပစ္စည်းများ အလှူ
     ၁၀၀း ၀၀
မိမိ စိတ်တိုင်းကျလည်း ဝယ်ယူလှူဒါန်းနိုင်ပါသည်
မည်သူမဆို မိမိတို့ ၏ မွေးလ မွေးရက်များအတွက် လှူဒါန်းပါက အကျိုးဆောင်အဖွဲ့မှ                   တာဝန်ယူ အကျိုးဆောင်ပေးမည်ဖြစ်ပါသည်
ဆက်သွယ်ရန်......၈၀၆၃၇၃၁၃၄၆ ၊ ..၈၀၆၂၉၀၈၀၁၇ ၊ ၈၀၆၃၁၆၈၄၄၁ ၈၀၆၈၈၁၈၃၁၀၊
Wednesday 16 January 2013
သတင်းထုတ်ပြန်ခြင်း
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
အစည်းဝေးမှတ်တမ်း ထုတ်ပြန်ခြင်း
       နေ့စွဲ ... ၀၁-၁၃-၂၀၁၃  တနင်္ဂနွေနေ့ 
မြန်မာထေရ ဝါဒ ဗုဒ္ဓဘာသာ အသင်းသည် အမျိုး ဘာသာ သာသနာ အကျိုးကို သယ်ပိုးနေသည့် အသင်းကြီး ဖြစ်သည့်အားလျှော်စွာ အများအကျိုး ဆတက်တိုး၍ သန္ဒိဋ္ဌာန် ပြုထားကြပြီးဖြစ်ပါသည် ။ အသင်း ကြီးအား စည်းမျဉ်း စည်းကမ်းများ အနှင့် အညီ ဖွဲ့စည်း တည်ထောင်ထားခဲ့သည် ဖြစ်၍ အသင်း စည်းမျဉ်း စည်းကမ်း လုပ်ထုံးများနှင့် အညီ ဘဏ္ဍာရေးဆိုင်ရာများ စုပေါင်း တိုင်ပင်ဆွေနွေးပွဲလေးကို ၂၀၁၂ ခုနှစ် (၁)လပိုင်း (၁၃)ရက် တနင်္ဂနွေ နေ့  နေ့လည် ၂ နာရီတွင် ဇေယျသုခ ဓမ္မရိပ်သာ ၊ ဇေယျာဘူမ ကျောင်းတော် ရှိ အသင်းအစည်းဝေးခန်းမ ၌ ကျင်းပခဲ့ပါသည် 
          အစည်းဝေးသို့  ဆရာတော် နှင့် အတူ အသင်း ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ တွဲ ဘက် အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူး ၊ တွဲဘက်ဘဏ္ဍာရေးမှူး၊ ပြုပြင်ထိန်းသိမ်းရေးမှူး တွဲဘက် ပြုပြင်ထိမ်းသိမ်းရေးမှူး ၊ စာရင်းစစ်မှူး ၊ စည်းရုံးရေးမှူး ..တွဲဘက် စည်းရုံးရေးမှူး တို့နှင့် ဦးမြင့်အောင် ဦးစိုးတင့် တို့   စုံစုံလင်လင် တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါသည် 
          အစည်းဝေးရလာဒ်အနေဖြင့် အောက်ဖေါ်ပြပါ အချက်များကိုအကောင်ထည်ဖေါ် ဆောင်ရွက်ရန်  ဆွေးနွေးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် 
1.    လစဉ် တတိယပါတ် တွင် လစဉ်အလှူငွေများ ကို ထည့်ဝင်/ကောက်ခံ လှူဒါန်းကြရန်
2.    အင်ကျီ ထုတ်ဝေ နိုင်ရေးအတွက် ကိုကျော်ဝေစိုးနှင့် ကိုမောင်မျိုးတို့မှ တာဝန်ခံ ဆောင်ရွက်ရန်
3.    ကျောင်းမြေဆိုင်ရာ အလှူခံ ခြင်း နှင့် ပတ်သက်သော အစီစဉ်များကို ရေးဆွဲ ထုတ်ပြန်ဆောင်ရွက်ရန်
4.    သာသနာပြု ဆရာတော်များ၏ တရားပွဲများကို အသင်းက အကျိုးဆောင် ကူညီစီစဉ်ပေးရန်
5.    မြေကွက်ဆိုင်ရာ အလှူရှင်စာရင်းကို ဆရာတော်နှင့် ကိုထွန်းတင်အောင်တို့ က တာဝန်ယူ ၇န်
6.    ဘဏ္ဍာငွေ ရှာဖွေရေး ကောမတီ တရပ် ဖွဲစည်းဆောင်ရွက်ရန်တို့ကို 
              ဆုံးဖြတ် သဘောတူညီခဲ့ကြပါသည်
          အစည်းဝေး သဘောတူညီချက် အမှတ်(၆) အရ အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များပါဝင်သော ဘဏ္ဍငွေ ရှာဖွေရေး ဆပ်ကော်မတီကို သီခြား ဖွဲ့စည်းလိုက်ပါသည်
          ၁။ ဆရာတော် ၂။ ဦးညီညီလွင် ၃။ ဦးကျော်လင်းသန့် ၊ ၄။ ဦးကျော်ဝေစိုး 
 ၅။ ဦးထွန်းတင်အောင်။  ၆။ ဦးမောင်ရွှေ     ၇။ ဦးအောင်မျိုးညွန့် ။ ၈။ ဦးဘုန်းလွင်  ၉။ ဦးချစ်ဆွေ 
၁၀။ ဦးမြင့်အောင်   ၁၁။ ဒေါ်မိုးမိုး        ၁၂။ ဒေါ်မာအေး            ၁၃။ မသဉ္ဇာမျိုး
          အစည်းဝေးတက်ရောက်လာသူများအတွင်းမှ ဦးဇင်းကြီးထွေးအောင် ၏ အိုင်ဒီကဒ် ရရှိနိုင်ရေးအတွက် အသုံးပြုနိုင်ရန် ဦးညီလွင် ဒေါ်လာ ၁၀၀၊  ဦးမြင့်အောင် ဒေါ်လာ ၁၀၀ ၊ ကိုမောင်မျိုး ဒေါ်လာ ၃၀ ၊ ကိုကျော်ဝေစိုး ဒေါ်လာ ၅၀။ ကိုထွန်းတင်အောင် ဒေါ်လာ ၅၀ တို့ကို ထည့်ဝင်လှူဒါန်း ပါရမီ ဖြည့်ကြပါသည်  
          ထို့အပြင်  ကျောင်း တို့ချဲ့ မြေကွက် အတွက်  ၁၅ ပေ ပတ်လည် မြေကွက် တစ်ကွက်လျှင် အလှူငွေ ဒေါ်လာ ၃၀၀ နှုန်းဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြော်ငြာ ခဲ့ရာ ...  ကိုခင်အောင် ၊ ကိုညီညီလွင် ၊ ကိုအောင်မျိုးညွန့် ၊ ကိုကျော်လင်းသန့် မိသားစုတို့မှ စတင် အမည်စာရင်းသွင်း ထည့်ဝင်လှူဒါန်းသွားကြပါကြောင်း  မှတ်တမ်းတင်အပ်ပါသည် ။
                    မှတ်တမ်း.... ပြန်ကြားရေးမှူး ကိုယ်စား
ကိုထွန်းတင်အောင်  
တွဲဘက် အတွင်းရေးမှူး
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်း