Friday 11 January 2013

မိုးယံသို့ဆီ ပျံ့ခဲ့ပြီ



မိုးယံ သို့ဆီ    ပျံ့ခဲ့ပြီ

          တမူးရလို့  တပဲလှူ.. ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား တဲ့ ၊ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော စကားလေး တစ်ခွန်းပါ ။ ဘာကို ဖေါ်ညွှန်းပါလိမ့်မလဲ လို့ ရင်ထဲ တွေးခဲ့ဘူးပေါင်းလဲ အကြိမ်းအားဖြင့် မနဲတော့ချေ ..။  အခုတော့မူ  မြန်မာဟူသည် အလှူနဲ့ကင်း၍ မတင်းတိမ်နိုင်သော လူမျိုး ဆိုတာ သိလာရပေပြီ..။
          စာရေးသူအခြေချ သီတင်းသုံးရာ ကျောင်းလေးသည်ကား ပမာဏအားဖြင့် ကြီးကျယ်သည်ဟု ဆိုဖွယ်ရာ မရှိသေးပါချေ ၊ သဘာဝဘေးဒဏ် အမြဲခံရတတ်သည့် ရပ်ဝန်းကျင်တွင် တည်ရှိသောကြောင့်လည်း ကျောင်းဝန်းကျင်သည် သယာဖွယ် တို့နှင့် တင့်တယ်လှသည်ဟု မဆိုသာပေ။   နွေလဲ နွေမို့ အပူတို့က ကြီးစိုး မင်းမူကြစမြဲ  ၊ ဆောင်းလဲ ဆောင်းအလျှောက် နှင်းပေါက်တို့က  ကျရောက်စမြဲ.. ။ 

အပူကို မကြောက် နှင်းထုကို ဖောက်၍  

          မြို့ကြီး ပြကြီး ကျောင်းကြီးတွေလို မစိုပြေ မသာယာ မခန့်ငြားပေမဲ့ စည်ကားမှုကတော့ ရှိသည်ဟုပင် ဆိုလိုက်ချင်ပါဘိ ..
 နွေလဲ နွေ အလျှောက်ပင်၊  အပူကို မကြောက်ပဲ နေမင်းရဲ့ ပူပြင်းမှုထက် ရင်တွင်းက ပူပြင်းမှုကို ဖျောက်လိုသူတွေက ကျောင်းကို အရောက်လာသည်ချည်းဖြစ်ပါ၏။ ဆောင်းရောက်တော့လဲ ကြည့်ပါအုံး.. ရေခဲဖွေးဖွေး နှင်းအေးအေးတို့ကို့ အန်တု လို့ သံသရာအေးဖို့ အပြေး ရောက်လာကြသေးသည်သာ ဖြစ်ပါတယ်။

သဒ္ဓါကြည်ရွင် အလှဆင်
          ဒီလို လာနေကြသည့် သူတွေကို မေးကြည့်သည့်အခါ မတူကွဲပြား အဖြေများစွာ ရှိနေမှာ ဖြစ်ပေမဲ့ အဓိကတော့ သာသနာတော်ရဲ့ အနှစ်သာရ ဒါန၊ သီလ ၊ ဘာဝနာ လို့ဆိုတဲ့ ကုသိုလ်ကောင်းမှု တခုခုကို ပြုဖို့လာကြသူတွေပဲ ဖြစ်ပါတယ် ၊ ဒီကတဆင့်တက်လို့  သီလ ၊ သမာဓိ ၊ ပညာ သိက္ခာသုံးပါး ကိုယ်ကျင့် တရားတွေ မြင့်မားလာစေဖို့ ရည်ရွယ်လို့ လာရောက်သူတွေလဲ မနဲ လှပါဘူး
          ဘယ်အခါလာလာ၊ ဘယ်ရာသီမှာ ဖြစ်ဖြစ်ပေါ့ ။ကျောင်းရောက်လာကြတဲ့ သူတို့ရဲ့ မျက်နှာလေးတွေ ကြည့်လိုက်ရင် ပြုံးလို့ ရွှင်လို့...။ အပူကြောင့် စိတ်စေတနာ မဆိတ်သုဉ်း အပြုံးမပျက်သလို အအေးကြောင့် ဖင့်နှေးစိတ်ကွက် အလာမပျက်ခဲ့ကြချေ ။အော် ...သူတိုရဲ့ စိတ်စေတနာ အလှ နဲ့ ကျောင်းတော်လေးကို တန်ဆာဆင်လိုက်လေသောအခါ ကျောင်းတော်လေးဟာ ကုသိုလ်နဲ့ယှဉ်တဲ့ ပွဲသဘင် ၊ ဓမ္မနဲ့ယှဉ်တဲ့ အလှဆင်မှုတွေနဲ့ ခုတော့ဖြင့် နေချင့်စဖွယ် တင့်တယ်လို့ နေပါတော့တယ်

ကျောင်းလေးသာငယ် အကျိုးများတယ်
          စေတီ ဘုရားလေး ငယ်သာငယ် ..တကယ် ကယ်မဲ့ ဘုရား .. ဆိုသကဲ့သို့ပင် ကျောင်းလေးကလဲ ငယ်သာငယ်ပေမဲ့ မှီတင်းနေသူ များဗိုလ်လူကို တကယ် အကျိုးများအောင် ကြိုးစားဆောင်လျှက်ရှိတာကိုလဲ တွေ့မြင်နိုင်ကြပါတယ် ။
          တစ်နှစ်အတွင်း ကျင်းပ ဆင်ယင် လှူဒါန်းနိုင်ခဲ့သော အမျိုး ဘာသာ သာသနာ အကျိုးပြု ပွဲတော်တွေ၊ သင်္ကြန်ပွဲ၊ကထိန်ပွဲ၊ တရားပွဲ၊ စုပေါင်းရှင်ပြုရဟန်းခံ သီလရှင်ဝတ်ပွဲတွေ စသည် စသည် ဖြင့်  ဆရာ ဒကာ ညီညာစွာ ကျင်းပခဲ့ကြတဲ့ ပွဲတော်တွေက သက်သေပြလို့ နေလေရဲ့ ။
          အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုသ်နေ့ ပြုလုပ်ပြီး ဥပုသ်သီတင်း သီလ စောင့်သုံးခြင်း အမှု ပြုစေခဲ့နိုင်တာကြောင့် သီလ နဲ့ ပြည့်စုံသူတွေဖြစ်အောင် ကြိုးစားအကျိုးဆောင်နေပါတယ် ၊ အခါအားလျှော်စွာ နိုင်ငံကျော်ဆရာတော်များ ပင့်ဖိတ်ကြားပြီး တရားပွဲတွေ ကျင်းပခဲ့တာကြောင့်ရော၊  ဖွင့်လှစ်ခဲ့ဖြစ်တဲ့ တရားစခန်းတွေကြောင့်ရော.. ဝိပဿနာ အားထုတ်ဖူးသူ အားထုတ်နေသူ များစွာတို့ကို တွေ့မြင်ရတော့လဲ ဘာဝနာကုသိုလ်တွေပါ ပွားများစေနိုင်ခဲ့တဲ့ ကျောင်းတော်လေးလို့ ဆိုရင် မှားမယ် မထင်ပါ ။ 

ယဉ်ကျေးလိမ်မာ တိုးပွားလာ
          အနောက်တိုင်းယဉ်ကျေးမှုသာ အတုယူဖွယ် အားကျဖွယ်ဖြစ် ခံယူနေကြတဲ့ မြန်မာနွယ်ဖွား မျိုးဆက်သစ်ကလေးများရဲ့ ရင်ထဲကို မြန်မာ့ယဉ်ကျေးမှု စာရိတ္တ အသိပညာတွေနဲ့ အစားထိုး ဖလှယ်ပေးနိုင်တာကလဲ ကျောင်းတော်ရဲ့ အကျိုးဆောင်မှု တမျိုးလို့ ဆိုရမယ် ဖြစ်ပါတယ်..
           မူကြိုအဆင့်မှ ကောလိပ်အဆင့်ထိ ကျောင်းသူ ကျောင်းသားပေါင်း ရာဂဏန်းဝန်းကျင်ကို လေးကြိုမ်တိုင်တိုင် ယဉ်ကျေးလိမ်မာ သင်တန်းဖွင့်လှစ်ပို့ချ အကျိုးဆောင်နိုင်ခဲ့ပါပီ .. ဒီသင်တန်းတွေရဲ့ အကျိုးအမြတ်ကတော့ ကလေးတော်တော်များဟာ ဘုန်းကြီးကျောင်း နဲ့ ဘုန်းကြီးဆိုတာ ကြောက်စရာ လန့်စရာလို့ မမြင်ကြတော့ပဲ ပျော်ရွှင်စွာ ဝင်ထွက် သွားလာရဲ၊ စာသင်ယူရဲ့ မေးမြန်းရဲ ခဲ့ကြပါပီ ။
          ဒီသင်တန်းတွေရဲ့ ဆင့်ပွား အကျိုးဆက်များအနေနဲ့တော့ လိမ်မာယဉ်ကျေးပြီး အနန္တောအနန္တငါးပါးရဲ့ ဂုဏ် နဲ့  ကျေးဇူးတရားကို သိနားလည် လာသော မျိုးဆက်သစ်ရတနာလေးများ အဖြစ် မိဘတွေက မျှော်လင့်ချက်လေးတွေ ထားနိုင်လာခြင်းပဲ  ဖြစ်ပါတော့တယ်


ကျောင်းတော်ဂေါပက အကျိုးဆောင်ကြ

          အထက်တွင် ရေးသားဖေါ်ပြခဲ့သည့်အတိုင်း အမျိုး ဘာသာ သာသနာအမှု အားပြုနိုင်အောင် ဦးစီးအကျိုးဆောင်ပေးကြတာကတော့ ကျောင်းတော်ရဲ့ ဂေါပကအဖွဲ့ ဖြစ်ပါတော့တယ် ။  နေ့စဉ်နေ့စဉ် လုပ်ငန်းခွင်အသီးသီးမှာ မအားမလပ်သည့် ကြားက ကျောင်းအကျိုး အများအကျိုးကို သယ်ပိုးပေးနေကြတာ ဖြစ်ပါတယ် ။
              ဂေါပက အဖွဲ့ဟာ ကျောင်းတော်အတွက် တစ်လတာ ကုန်ကျစရိတ်က ဒေါ်လာ ၂၀၀၀ ဝန်းကျင်ကိုလဲ လစဉ် အလျှဉ်မီအောင် စုပေါင်း စုဆောင်း ကောက်ခံ လှူဒါန်းရပြန်ပါတယ် ၊ ဝါဆို၊ ကထိန်၊ကျောင်းဆောက် ဘုရားတည်၊ မြေဝယ် စသော အလှူကဏ္ဍမှာလဲ သူတို့ပါဝင် သလို အလှူငွေ လှည့်ကောက်ခံပေးရာတွင်လဲ သူတို့ကျန်မနေခဲ့ပါဘူး ။
          ကျောင်းတော် ပြုပြင်ထိန်းသိမ်းမှု ၊ သန့်ရှင်းရေး ၊ သံဃာတို့ရဲ့ စား၊ဝတ်၊နေရေး ကျန်းမာရေး စသည်တို့ကို  အောက်ခြေမှ အစ ဂေါပက အဖွဲ့က တာဝန်ယူ အကျိုးဆောင်ပေးကြပါတယ် ၊ ငွေအား လုပ်အား သဒ္ဓါအား စွမ်းပကား အစုံစုံဖြင့် ကျောင်းတော်ကြီး ဂုဏ်ဖြင့်တင့်အောင် အကျိုးဆောင်နေကြသည့် သူများဖြစ်ပါတော့တယ်

နဲ များမဟူ  ပါဝင်လှူ

          တကယ်တော့ ဂေါပက အဖွဲ့ဝင်များ နဲ့ အတူ ကျောင်းအကျိုးဆောင်နေကြသည့် ပုဂ္ဂိုလ်အများစုသည် ၎င်း၊ အလှူရှင်များသည်၎င်း၊ ရာထူး၊ အာဏာ၊ တိုက်တာ၊ စီးစိမ်  ဂုဏ်ရှိန်ကြီးမားသူတွေ မဟုတ်ကြပါဘူး ၊ မိမိတို့ရဲ့ ကာယ အား ဉာဏအားတို့ဖြင့် ကြိုးစားရှာဖွေ ရရှိလာတဲ့ ချွေးနဲစာလေးတွေထဲ မှ ဖဲ့ပြီး လှူဒါန်းကြရတာပါ ..
          အမေရိကန် ရောက်ရှိအခြေချလာကြသည်မှာ မကြာသေးသူများ ဖြစ်သည့်အလျောက် မိမိတို့၏ ကိုယ်စီကိုယ်စီသော မိသားစုတွေရဲ့ စား၊ဝတ်နေရေး ၊ ကျန်းမာရေး ၊ ပညာရေး အတွက်လဲ ရုန်းကန်နေရသေးသူများ ဖြစ်ကြပါတယ် ။ သာရေး၊ နာရေး လူမှုရေး ပွဲများကိုလဲ မရှောင်လွှဲကြသလို နောက်ပိုင်းကျန်နေ မိသားစုတွေ၊ မိခင် အဖွဲ့စည်းတွေကိုလဲ ပံ့ပိုးနေရသူများသာ ဖြစ်ကြပါတယ်
          ဒီလိုအခြေနေကြားကနေ အနဲ အများ မခွဲခြားပဲ ကျောင်းတော်အား လှူဒါန်းနေကြတာမို့ သူတို့သဒ္ဓါ စေတနာများသည် လူသာဓုခေါ် နတ်သာဓုခေါ်ဖွယ်တွေ ဖြစ်ပါတော့တယ်  
         

သူတို့စေတနာ    အံ့ဖွယ်ရာ
          ဒီမျှ တစ်နှစ်တာကာလအတွင်း မိမိမှီခိုရာ ကျောင်းတော်အတွက် အရပ်အတွက် မိသားစု အတွက် အဖွဲ့အစည်းအတွက် စသည်ဖြင့် အဘက်ဘက်က ရုန်းကန်နေရပေမဲ့ မြန်မာပြည်တွင်းအဖြစ်အပျက်တွေကိုလဲ မမေ့ထားနိုင်ခဲ့ကြပါဘူး ။ ရခိုင်ပြည်နယ်အတွင်းက သွေးချင်းများအတွက် အလှူတော်ငွေ ဒေါ်လာ သုံးထောင်ကျော် လေးထောင်ခန့် ကူညီလှူဒါန်းနိုင်ခဲ့သလို လက်ပန်းတောင်း တောင် အရေးမှာလဲ လက်မနှေးခဲ့ကြပါဘူး
          ရွှေညဝါ ဆရာတော်မှ တစ်ဆင့် အလျဉ်းသင့်သလို လိုအပ်ရာနေရာမှာ ကူညီလှူဒါန်းပေးပါဘုရား ဆိုသော သဒ္ဓါစကားနဲ့ အတူ ဒေါ်လာ(၁၅၀၀)ကို ပို့လှူပေးနိုင်ခဲ့ပါတယ်    ဒီလို လှူဒါန်းနိုင်အောင် အကျိုးဆောင် ကောက်ခံ လှူဒါန်းပေးသူတို့ရဲ့ စေတနာကတော့ တကယ်ပဲ ချီးကျူးစရာလို့   ဆိုလိုက်ချင်ပါတယ်

မိုးယံသို့ဆီ   ပျံခဲ့ပြီ
          ရခိုင်ပြည်နယ် နှင့် လက်ပန်းတောင်း တောင်အတွက် လှူဒါန်းခဲ့သော ဒီငွေ အမောက် ပမာဏသည် လိုအပ်မှုအနေအထားအရ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်ခဲ့ချေအုံးတော့ အလှူရှင်တို့ရဲ့ စိတ်စေတနာ သဒ္ဓါအပြုံး နဲ့ နှလုံးသားထက်က ခံစားချက်နှင့်အတူ ဖြစ်ပေါ်လာတဲ့ ဗြဟ္မစိုလ်တရား အရှိန်ကတော့ မိုးယံထက်ဆီ ပျံတက်ခဲ့ပြီလို့  ယုံကြည်ပါတယ်
          အချုပ်အားဖြင့် ဆိုရပါမူ.. အမာရီလို ရှိ ဇေယျသုခ ဓမ္မရိပ်သာကျောင်းတော်နှင့် စေတနာရှင် ကုသိုလ်ရှင်တိုရဲ့ အမျိုး ဘာသာ သာသနာအတွက် တဘက်တလမ်းက လှူဒါန်းခဲသမျှကို ကြားသိရသူ များဗိုလ်လူတို့ရဲ့ သာဓုခေါ်သံ သည် မိုးယံသို့တိုင် ပျံ့နှံ့နိုင်ပါစေသော် ဟု ဆန္ဒပြုရင်း ရင်းတွင်းက အတွေးအပျော်ကို ဒီမျှဖြင့်ကျေနပ်တော်မူနိုင်ကြပါစေ 

(မြန်မာထေရ ဝါဒ ဗုဒ္ဓအသင်းသူ အသင်းသား များနှင့် စေတနာရှင် ကုသိုလ်ရှင်များကို ဂုဏ်ပြု ရည်ရွယ် ရေးသားပါသည်  )
                                                                 အညာမြေဋ္ဌေးလှိုင်
Amarillo, Tx ,U.S.A
         


         

         



No comments:

Post a Comment