Wednesday 9 January 2013

ခဲ တစ်လုံးရဲ့ တန်ဖိုး

ခုတစ်လော စာရေးသူရဲ့နား မှာ ကြားနေရတာတွေက စိတ်မချမ်းမြေ့ဖွယ် သတင်းစကားလို့ ဆိုရမလား အတင်းစကားများလို့ အောက်မေ့ရမလား မသိပေ . ရောထွေးလို့ နေပါ၏.. လောကီ လူတမ်း လူ့နှုတ်ခမ်းကား ချီးမွမ်း စရာရှိ ချီးမွမ်းမယ် ကဲ့ရဲ့ စရာရှိလဲ ကဲ့ရဲ့မယ် ဆိုတာ စာတွေ့ ရာ ကိုယ်တွေ့ပါ ရှိဖူးပါရဲ့ .. ဒါပေမဲ့... မဟုတ်လဲ ပြော ဟုတ်လဲ ပြော လို့  စောကြောရ ခက်ပါဘိခြင်း   ။

  ဘာပဲ ပြောပြော ယောနိသော မနသီကာရ လို့ ဆိုတဲ့ နှလုံးသွင်းတတ်ဖို့ က အရေးကြီးတယ်မလား  မိမိကို တစ်စုံတစ်ယောက်က မဟုတ်မတရား ကဲ့ရဲ့ လာတိုင်း ဝေဘန်လာတိုင်း တုန့်ဆိုင်းမရှိ တုန့်ပြန်တတ်သည့် မိမိစိတ်ကိုလဲ တော်တော် ဖိနှိပ်ယူနေရတယ် ..

မိန်းမ ပါးစပ် အရပ်စကား မမှန်များ၏ ကြားတိုင်းမမူ ရေးမယူနဲ့  မည်သူမဆို ဟုတ်တိုင်းကိုလျှင် ပြောလိုတတ်ခဲ လူ့ထုံးပဲ ရှင့်  ဆိုသော ငယ်စဉ်က ကျက်မှတ်ဘူးတဲ့ မာန်လည်ဆရာတော်ကြီးရဲ့ အဆုံးမလေးက နားထဲ ဝင်လာတဲ့ အခါ  အင်း ...လို့ သက်ပျင်းလေး ချလိုက်ရတာပေါ့... 

သူများ ဝေဘန်ကဲ့ရဲ့ လာတိုင်း လိုက်ပါခံစားနေရင် အမှားတွေ များတော့မှာပါလား လို့လဲ တွေးမိလိုက်ပါရဲ့... တကယ်ဆို လောကကြီးက ကိုယ့်ကို ဆရာလုပ်ပြီး ဘဝနေနည်း သင်ပေးနေတာပဲ နော်  ကလေးတွေကို စာသင်ရင်း ဗဟုသုတလေးတွေ ဝေငှတဲ့အခါတိုင်းမှာ ကြုံတွေ့ရမှန် လောကဓံက ဘဝကို ဘယ်လို ရင်ဆိုင်ဆိုတာ သင်ပေးတာမှတ်  လို့ ပြောပြခဲ့ဘူးပါရဲ့ ။

  အော် ကိုယ့်အလှည့်မှာတော့ မနဲကို နှလုံးသွင်းမှန်အောင် ကြိုးစားနေရပြန်တယ်လေ  ။
အော် ငါ  ဘာလို့များ  ဒီ အသိုင်းအဝိုင်းနဲ့ ဝေးရာကို ပြေးခွာဖို့ ကြိုးစားနေပါလိမ့် လို့ ...စဉ်းစားရင်း သက်ပျင်းတစ်စ ကို အသာချမိလိုက်ပါရဲ့.... ဒါနဲ့ ပဲ မေးတစ်ခုထဲ မှာ ဖတ်ရှူ့ခဲ့ရဘူးတဲ့  အကြောင်းအရာလေးကို ပြန်လည်တွေးကြည့်ရင်း စာရှုသူကိုလဲ မျှဝေလိုက်ပါရဲ့ နော် ....အဲဒါကတော့  ခဲတစ်လုံးရဲ့ တန်ဖိုးလို့ပဲ  အောက်မေ့လိုက်ကြပါစို့...


တစ်ခါက သူဌေးတစ်ဦးဟာ နာမည်ကြီးတံဆိပ်နဲ့ကားကိုစီးပြီး ဆင်းရဲသားရပ်ကွက် တစ်ခုထဲ အရှိန်နဲ့ မောင်းဝင်လာခဲ့တယ်။ ရပ်ကွက်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတစ်နေရာအရောက် ဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကြောင့် ကားအရှိန်ကို သူလျော့လိုက်တယ်။ လူအုပ်ကို ကားကျော်ဖြတ်ချိန်မှာ ရုတ်တရက် ကလေးတစ်ယောက်က ကားကို အုတ်ခဲနဲ့ လှမ်းပစ်လိုက်တယ်။ ကားပိုင်ရှင်သူဌေးဟာ ဒေါသတကြီးနဲ့ ကားပေါ်ကဆင်းပြီး အုတ်ခဲနဲ့ပစ်တဲ့ ကလေးရဲ့ လည်ဂုတ်ကို ဖမ်းဆွဲလိုက်တယ်။

"မင်း ဘာလုပ်လိုက်တာလဲ ပြောစမ်း? ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ? ဒီကား ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မင်းမသိဘူးလား? ဒီကားကို ပြင်ဖို့ မင်းဘယ်လောက်တတ်နိုင်သလဲ?"

ဒေါသတကြီးနဲ့ အော်ငေါက်နေတဲ့ ကားပိုင်ရှင်ကို ကြည့်ပြီး ကလေးငယ်က
" ကျွန်တော်မှားသွားပါတယ် ခင်ဗျား.. အုတ်ခဲနဲ့သာ ကျွန်တော်လှမ်းမပစ်ရင် ကားရပ်မပေးလို့ အခုလို့ လုပ်လိုက်ရတာပါ" လို့ တောင်းပန်တယ်။ ကလေးငယ်က ဆက်ပြီး...
"တွန်းလှည်းပေါ်ကနေ ကျွန်တော့်အစ်ကို ပြုတ်ကျပြီး ဒဏ်ရာရသွားပါတယ်။ အစ်ကို့ကို ကျွန်တော် မ, မနိုင်လို့ အခုလို လုပ်လိုက်ရတာပါ" လို့ အရည်လဲ့တဲ့ မျက်လုံးနဲ့ တောင်းပန်တော့တယ်။

ကားပိုင်ရှင်သူဌေးဟာ ငိုမဲ့မဲ့ ကလေးငယ်ကို ကြည့်ပြီး သနားသွားမိတယ်။ တွန်းလှည်းပေါ် ပြုတ်ကျနေတဲ့ ဒုက္ခိတ လူငယ်ကိုလည်း တွန်းလှည်းပေါ် ပြန်တင်ပေးပြီး ဒဏ်ရာကို ပွတ်သပ်ပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ" လို့ တွန်းလှည်းတွန်းပြီး ဆုတောင်းထွက်သွားတဲ့ ကလေးငယ်ရဲ့ နောက်ကျောကို ကြည့်ပြီး ကားပိုင်ရှင်ဟာ တစ်စုံတရာကို စဉ်းစားလိုက်မိတယ်။  ကားရှိရာဖက်ကို လေးကန်စွာ လျှောက်လာပြီး အုတ်ခဲမှန်ထားတဲ့ နေရာကိုလည်း မပြင်ဘဲ ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ ချိုင့်နေတဲ့ ခဲမှန်ရာကို ကြည့်ပြီး "အသက်တစ်ချောင်းရဲ့ ခြေလှမ်းဟာ အလှမ်းမြန်ကြောင်းကို ပတ်ဝန်းကျင်ကလူတွေကနေ  ခဲနဲ့ပစ်ပြီး ကိုယ့်ကို အသိပေးမှ သတိထားမိတာမျိုး မဖြစ်ရအောင်" မပြုပြင် ချန်ထားလိုက်ပါတော့တယ်။

အိုစာရှုသူ ဓမ္မမိတ်ဆွေ ... အသင်ရော ခဲ ပြစ်ခံရသကဲ့သို့ သူတပါးရဲ့ ကဲ့ရဲ့ ငြိငြင် ပြစ်တင်တာခံရဖူးပါသလား ... အပြစ် ပြော အတင်းပြော ခံရဖူးပါသလား ဘယ်လို တုန့်ပြန်ခဲ့မိကြဖူးတယ်ဆိုတာ  စဉ်းစားကြည့်ရအောင်ပါလား နော် ... 


ကိုယ်တိုင်ကရော  အလုပ်တွေများ၊ အားလပ်ချိန်တွေနည်းပြီး ပတ်ဝန်းကျင်က ကိုယ်နှစ်သက်တဲ့လူ၊ ကိုယ့်မိသားစု ၊ ကိုယ့်အသိုင်းအဝိုင်းကို လျှစ်လျှူရှူသလို ဖြစ်နေပြီလား?
 ဘေးကနေ တစ်ယောက်ယောက်က ခဲနဲ့ပစ်ပြီး သတိပေးမှ ကိုယ့်ကိုယ် သတိထားမိတာမျိုး မဖြစ်ပါစေနဲပေါ့ ။ 

ဘဝရဲ့ အချိန်ဟာ တိုတိုလေးပါ... မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို ကြိုတင်မသိနိုင်ခင် လက်ရှိအချိန်မှာ ကိုယ့်ဘေးက လူတွေကို တန်ဖိုးထား ဂရုစိုက်လိုက်ပါ စသည် စသည်ဖြင့်  တန်ဖိုးအားဖြင့် မနဲ လှသော အတွေးများကို ခဲ တစ်လုံးအပစ်ခံထိတဲ့ အချိန်က စလို့ အတွေးတချို့ ရခဲ့လေသော သူလို.... 

မိမိလဲ  သူတပါး၏ မကြားဝံ့မနာသာ ကဲ့ရဲ့ ဝေဘန် ပြစ်တင်သံ တို့ကို ဘဝလမ်းညွန် စကားမွန် အဖြစ် ပြောင်းလဲ လက်ခံကျင့်သုံးနိုင်အောင် စဉ်းစားရင်း  ခဲတစ်လုံးရဲ့  တန်ဖိုး ဆိုတဲ့ ဒီအတွေးလေးကို နိဂုံးချုပ်လိုက်ပါရဲ့........

No comments:

Post a Comment