Monday 24 December 2012

ယဉ်ကျေးချိုသာ စကားပြော သင်ခန်းစာ



အမေရိကန်နိုင်ငံ ၊တက္ကဆက်ပြည်နယ်၊ အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ၌

၂၀၁ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလ တွင်

ယဉ်ကျေးလိမ်မာ သင်တန်းသား သင်တန်းသူများအား ပို့ချသင်ကြားအပ်သော
ယဉ်ကျေးချိုသာ စကားပြောသင်ခန်းစာ
          ကလေးတို့ရေ ဘုန်းဘုန်းတို့ရဲ့ နေ့စဉ် လှူမှုဘ၀ လှုပ်ရှားမှုမှာ မပါမပြီးတဲ့ အချက်တစ်ခုကတော့ စကားပြောဆို နေရခြင်းပါပဲ.. စီးပွားရေး လှုမှုရေး ပညာရေး ဘယ်အရေးမှာ မဆို စကားပြော လိမ်မာ ပါးနပ်မှု ဟာ အရေးကြီးလှပါတယ် ၊ မိမိပြောလိုက်တဲ့ စကားတွေသည် အမှားကင်းဖို့  အလင်္ကာမြောက်ဖို့ အဓိပ္ပါယ်ပြည့်ဖို့ဆိုရင် စကားပြောသည့်အခါ ရှောင်သင့် ဆောင်သင့်တာလေးတွေကို ဘုန်းဘုန်းတို့အားလုံးသိထားသင့်ကြတယ်မလား။ 

            ဘုန်းဘုန်း သိရှိနားလည် လေ့လာမှတ်သားမိသလောက်  လိုရင်း တိုရှင်း အကျဉ်းချုပ်ပြီးကလေးတို့ကို ပြောပြပေးမယ်နော် ။  
          ကလေးတို့ရေ..    စကား စကား ပြောပါများ စကားထဲက ဇာတိပြ သတဲ့ ။  ဆိုလိုတာကတော့ လူတစ်ယောက်ရဲ့ အခြေခံ စိတ်ထားနဲ့ ဘ၀အဆင့်အတန်းစသည်ကိုလဲ စကားထဲကနေ တဆင့် လေ့လာသိခွင့် ရနိုင်တယ်ဆိုတာပါပဲ.. မိယုတ်တော့ နှုတ်ကြမ်း ဖယုတ်တော့ ကိုယ်ကြမ်းလို့လဲ ဆိုလေ့ရှိကြပါတယ် ဒါကိုပဲ လောကနီတိ ဆရာက အကျယ် ဒီလိုရေးဖွဲ့ခဲ့ပါတယ် ။နှုတ်အမူအရာ ရိုင်းစိုင်းပါသော် မာတာ အမိ ယုတ်မာ၏ ဟု နီတိစကား မိန့်ဆိုထား ခဲ့ .လို့ပေါ့ ။  

           မိမိစကားတစ်ခွန်းကြောင့် အမေအထိ လိုက်ပီး ထိခိုက်နိုင်တယ်ဆိုတာ သတိပြုစရာ လေးပေါ့နော် ... လက်ကြောင့် ကြေ..... နှုတ်ကြောင့် သေ.... ဆိုတာလဲ ရှိပါတယ် စကားတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ ဘ၀ဟာ ပျက်သေသွားနိုင်ပါတယ် ဒါကြောင့် စကားပြောတတ် ဆိုတတ်ဖို့ ဆိုတာ အင်မတန် အရေးကြီးပါတယ် ကလေးတို့ 

          အပြောမတတ်တော့ ဆဲ သလို ၊ အထိုင်မတတ်တော့ ဖြဲ သလို ဆိုတာလဲ ပညာနဲ့ ချင့်တွေးကာ သင်ခန်းစာ ယူဖွယ်ရာ ဆုံးမ စကားလေးပေါ့ကွယ် ..  ကလေးတို့ရေ ..နှုတ်ချို ..လျှိုတပါး တဲ့ ... စကားကြမ်းသူထက် စကား ချိုချိုသာသာ ပြောဆိုတတ်သူကိုမှ လူတွေက ပိုမိုချစ်ခင်ကြတယ်ဆိုတာတော့ ကလေးတို့လဲ ကိုယ်တွေ့တွေ ရှိမယ်လို့ ယုံကြည်ပါတယ် ။ ဒါပေမဲ့ လဲ သူများ ပါးစပ်ဖျားက ပြောလာဝေဘန်လာ ကဲ့ရဲ့လာတဲ့ စကားမှာတင် ကိုယ့်ဘ၀ လမ်းမဆုံးအောင်တော့ ကြိုးစားသင့်တာပါပဲ ။ 

          ကလေးတို့ ရေ... သူများ ဘာပြောလို့ ညာပြောလို့ ဆိုပြီး စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး ဒီအပေါ်မှာ လိုက်ပြီး ဒေါသတွေထွက် ခံစားချက်ပြင်းပြင်းနဲ့ တုန့်ပြန်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးမဲ့ရလာဒ်တွေက တန်းစီစောင့်နေလိမ့်ဆိုတာလဲ ကလေးတို့ သတိပြုရပါမယ် ။ 

          ငယ်စဉ်က သင်ယူခဲ့ရသော မဃဒေဝ ကျမ်းစာမှာ ဒီလိုမှတ်ခဲ့ရဘူးတယ် ...                 
 လောကီ လူတမ်း ၊ လူနှုတ်ခမ်းကား ၊ ချီးမွမ်းကဲ့ရဲ့ .. ဖြစ်တတ်ခဲ့ရှင့် ၊ မိန်းမ ပါးစပ် ၊ အရပ်စကား ၊ မမှန်များ၏၊ ကြားတိုင်းမမူ ၊ ရေးမယူနှင့်  ၊မည်သူမဆို ၊ ဟုတ်တိုင်းကိုလျှင် ၊ ပြောလိုတတ်ခဲ၊ ထုံးစံပဲရှင့်  တဲ့။  ဒီပညာပေး ကဗျာလေးကို  ရင်ထဲမှာ စွဲမြဲစွာ သိထားလို့ စကားပြောတဲ့အခါ သူများပြောလာတဲ့ စကား တဆင့်ကြားရတဲ့အခါ သတိနဲ့ ဉာဏ်နဲ့  ဆင်ခြင်နိုင်မယ်ဆိုရင် အမှားနဲနိုင်တာပေါ့ နော် 

          ကလေးတို့ရေ...သူများ မနာလို ကိုယ်ကျိုး မရှိတဲ့.. တဘက်သား ကို မနာလိုဖြစ်ခြင်းဟာ သူ့လို ကိုယ့်မှာ မရှိ ဘူး မသိဘူ မတတ်ဘူး လို့ ဆိုတဲ့ သဘောကိုလဲ ဆောင်လို့ ကိုယ်ပေါင်ကို ကိုယ်ပြန်လှန်ထောင်းရာလဲ ရောက်တယ်ဆိုတာ ဒို့အားလုံး သတိပြုသင့်တယ်နော် ။ .ဒီအကြောင်းနဲ့ ပတ်သက်ပြီး မဃဒေဝ ကျမ်းလာ မှတ်စရာ အချို့ကိုလဲ ထုတ်နှုတ်ရွေးချယ် ပြချင်ပါသေးတယ်..။

          မိမိကိုယ်ကို ကြီးပွာလိုက အတိုမရှု အရှည်ရှု့ ရပါမယ်တဲ့ ကလေးတို့။   သူ့ကို ခြီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏၊  ယွင်းဖောက်အလို ၊ ဝန်မတိုနှင့် ၊ သူ့ကိုဂုဏ်နှိမ့် ၊ ကိုယ့်ဂုဏ်နှိမ့် ၏ ၊ စည်းစိမ်အရာ ၊ သူ့ချမ်းသာ ၌ ၊ က္ကဿာမပြု ၊ ဝမ်းမြောက်ရှု့လော့ ..တဲ့ ။ အကျယ်ကိုတော့  နောက်တော့မှ အမေးအဖြေလေးတွေနဲ့ ရှင်းကြရအောင်နော် ..

          ကလေးတို့ရေ စကားကနေ တဘက်သားရဲ့ စိတ်နေစိတ်ထားကို အကဲခတ်နည်းလေးကိုလဲ ပညာရှင်တွေက ဒီလို စာဆိုပေးထားခဲ့ပါသေးတယ်။  အဲဒါကတော့
          လောဘ ကြီးသူ စကားချို ၊ ဒေါသကြီးသူ စကားတို ၊ မောဟကြီးသူ စကား အို ...ကောဓကြီးသူ စကားယို ၊ မာန ကြီးသူ စကားပို တဲ့ ။ ဒီအဆိုတွေကို ကြည့်ခြင်းအားဖြင့် မိမိပြောလိုက်တဲ့ စကားတိုင်းဟာ မိမိအပေါ် တန်ပြန် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ထားသင့်တာပေါ့နော် ၊ ဒါကြောင့် မိမိသုံးနှုံး ပြောဆိုလိုက်တဲ့ တချို့ စကားတွေဟာ တံတွေးကို ပက်လက်လှန်ထွေးသလို ဖြစ်တတ်တယ် ကိုယ့်ပေါင် ကိုယ်ပြန်လှန်ထောင်းသလို ဖြစ်တတ်တယ်ဆိုတာ သတိပြုရပါလိမ့်မယ် ကလေးတို့   

          ကလေးတို့ရေ ... ။လောကရဲ့ အမှန်တရားဆိုတဲ့  စာလေးမှာ ဒီလို ဖတ်ခဲ့ရဘူးတယ် ၊ ကံချင်း တူလျှင် ဉာဏ်ရှိသူက သာတယ်၊ဉာဏ်ချင်း တူလျှင် ဝိရိယ ရှိသူက သာတယ်၊ ဝိရိယ ချင်းတူလျှင် စည်းကမ်းရှိသူက သာတယ်၊ စည်းကမ်းချင်းတူလျင် စေတနာရှိသူက သာတယ်၊ စေတနာချင်း တူလျှင် နှုတ်ချိုသူက သာတယ် လို့ ဆိုပါတယ် ။ ဒီတော့ ဘုန်းဘုန်းတို့ဟာ စကားပြောတဲ့အခါ ယဉ်ကျေးချိုသာစွာ ပြောဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားနေပါပြီ  တွေးတော ဆင်ခြင် ဉာဏ်နှင့် ယှဉ်ပြီး မပြောခင်စဉ်းစားပြီးမှပြောသင့်တယ်နော်  ကရားကရေလွှတ်သလို ပါးစပ်ဖျားက နေ ဟုတ်တာတွေကိုရော မဟုတ်တာတွေကိုရော တတွတ်တွတ် လျှောက်ပြောနေခြင်းမှ ရှောင်ရှားရမယ်နော် 

           မြတ်စွာဘုရားကတော့ မပြောခင် စဉ်းစားလိုက်ပါ ၊ ကိုယ်ပြောမည့် စကားသည် မိမိသူတပါးအတွက် အကျိုးရှိလား မရှိလား ပေါ့  နှစ်ဦးစလုံးအတွက် အကျိုးမရှိတာတွေကို မပြောလေနဲ့  စသည်ဖြင့်ဟောခဲ့တယ်ဆိုတာ မှတ်သားခဲ့ရဘူးပါတယ် ကလေးတို့ရေ
     အဲဒါတွေအပြင်  ရှေးပညာရှိများ ဖေါ်ညွှန်းခဲ့တဲ့ စကားကြီး (၁၁) ခွန်း ကို လေ့လာကြည့်ရအောင် ပါ
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~စကားပြောရာ၌လက်ဝင်ပင်ပန်းသောစကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း... တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း..တဖြည်းဖြည်းကိုယ့်ဘက်ပါအောင်ဖွဲ့နွဲ့ပြောဆိုခြင်း
၆။ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း~တာဝန်မဲ့သော၊ရှောင်လွှဲသောစကားကိုပြောဆိုခြင်း
၇။တောင်သူယာခုတ်ပြောဆိုခြင်း ~ပြောသင့်သည်ကိုအရင်ပြောပြီးလိုရာကို
နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင်
ပြောဆိုခြင်း... လို့ စကားကြီး ဆယ်ခွန်းရှိပါတယ် စကားပြောရာတွင် ဥပမာ ဥပမေယျ ရသ ကဗျာ အလင်္ကာတွေ နဲ့ တန်ဆာဆင်ပြောတဲ့ ဓလေ့ဟာ မြန်မာတို့ရဲ့ တကယ့်ယဉ်ကျေးမှု အနှစ်သာရ လို့ ပြောရင် ရနိုင်ပါတယ် ကလေးတို့ ။

          ဒီ တခုစီရဲ့ အကျယ်တွေကို အချိန်ရတဲ့ တစ်နေ့မှာ သီးခြား သင်ခန်းစာ တစ်ခုစီအနေနဲ့ ပုံပြင်လေးတွေ နဲ့ ရောပြီး အခွင့်သင့်သလို ပြောပြပေးပါမယ် 
          စကားဆိုတာ မပြောရင်လဲ မကောင်းသလို ပြောလွန်းပြန်ရင်းလဲ မကောင်းလှပါဘူး ။ အားတဲ့အချိန်တွေမှာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အကျိုးမရှိ စပ်မိစပ်ရာ တွတ်ထိုး စကားပြောနေခြင်းမျိုးဟာ အကျိုးမရှိတဲ့အပြင် အပြစ်ကိုတောင် ဖြစ်စေပါသေးတယ်အဲဒီလို  စကား များလွန်းသူတွေ ရနိုင်တဲ့ အပြစ်တွေကို လဲ ဒို့ ဗုဒ္ဓ က ထုတ်ပြမိန့်ဟခဲ့ပါသေးတယ် ဒါတွေကိုတော့  စကားများခြင်း၏ အပြစ် (၅) ပါး လို့ မှတ်သားလိုက်ကြရအောင်ပါ ...။
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။  တဲ့  

          ဒီတော့ သားတို့ သမီးတို့လဲ စဉ်းစားချင့်ချိန်နိုင်သွားတာပေါ့ကွယ်။  ဒါတွေကို အကျဉ်းချုံးမှတ်ရင် ဝစီကံ ထိုက်တဲ့ စကားတွေ လို့ ပြောနိုင်ပါတယ် ။ ကံသုံးပါးမှာ ဝစီကံ ဆိုတာ ရှိတယ်မလား အဲဒီ ဝစီကံကို ကျူးလွန်သူတွေဟာ ခုရော နောင်ပါ သံသရာမှာ ဆိုးရွားတဲ့ အကျိုးရလာဒ်တွေကို ရတတ် ခံစားရတတ်ပါတယ် ဒါတွေကို သတိထားမိအောင် ... မုသားစကား ပြောဆိုငြားမူ စကားမပီ သွားမညီဘူး ပုပ်ညှီပါးစပ် ခြောက်ကပ်ကိုယ်ရေ က္ကနြေ္ဒကနောက် ပုံယွင်းဖောက်၍ မရောက်သြဇာ နှုတ်လျှာကြမ်းထော် လျပ်ပေါ်လော်လည် စိတ်မတည်သည် ရှောင်ကာ အပြန်အကျိုး တည်းလို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးက ရေးသား စပ်ဆို သြဝါဒပေး ခဲ့ပါတယ် ကလေးတို့ ...

          ဒါတွေကို သိမှတ်ပြီးတဲ့ နောက်မှာ ကလေးတို့  ပြောဆိုတဲ့ စကားတိုင်းဟာ အဓိပ္ပါယ်လှ ၊ ရသ မြောက်ဖို့ အတွက် သိသင့်သိထိုက်တဲ့ စကားအရာ အင်္ဂါတွေကို ပြောပြချင်ပါတယ်။အဲဒီ  စကားအရာ အင်္ဂါတွေ နဲ့ ပြည့်စုံမယ်ဆိုရင် စကားပြောကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ လောက အလယ်မှာ တင့်တယ် ထွန်းတောက်လာနိုင်ပါတယ် ။  ဒါကြောင့် ဆက်လက်လေ့လာကြည့်ရအောင်ပါ
စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒ ဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း
          လို့ ဆယ်ချက် ရှိပါတယ် ကလေးတို့... 

ဒီဆယ်ချက်နဲ့ မညီရင်တောင်မှ သင့်တင့်လျှောက်ပတ်သလို စဉ်းစားဆင်ခြင် ပြောဆိုရင် စကားက အမှားမများတော့ဘူးပေါ့ကွယ် ဒါ့အပြင် ဗုဒ္ဓဘုရားဟောခဲ့တဲ့ စကားပြောနည်းကိုလဲ နဲနဲ လေ့လာကြည့်ရအောင်နော် ဒါကိုတော့ ဒီလိုမှတ်ရင် ရနိုင်မယ်ထင်ပါရဲ့ ..

၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ
          စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည် လို့ ပညာရှင်များ ဖွဲ့ဆိုသွားကြပါတယ် အဲဒီအထဲကမှ ဘယ်အချက်တွေကို ပယ်ရမယ် ဘယ်အချက်တွေကို လိုက်နာရမယ်ဆိုတာ ကလေးတို့ ဉာဏ်မှီသလို စဉ်းစားရွေးချယ်ကြည့်ရအောင် ....

ကဲ... ...... ဘယ်စကားနှစ်ချက်ကို ရွေးချယ်ပြောရမယ် ဘယ်လေးချက်ကို ပယ်ရမယ်ဆိုတာတော့ ကလေးတို့ကိုယ်ပိုင်ဉာဏ်နဲ့ ရွေးချယ်ကြည့်လိုက်ကြရအောင်နော်     
  
          ကလေးတို့ရေ သင်ခန်းစာ နိဂုံးမချုပ်မှီမှာ ကလေးတို့အားလုံး ကို မေတ္တာရပ်ခံ ပါရစေ 
ဒါကတော့ ဘုန်းဘုန်းတို့ ကျင်လည်နေထိုင်ကြတဲ့ လူ့ဘောင် လူ့လောကကြီးမှာ အချင်းချင်း ပိုမိုချစ်ခင်လာအောင် ပိုမိုရင်းနှီးကျွမ်းဝင်လာအောင် ပိုမိုနားလည်မှုရှိပြီး ပိုပြီး ယုံကြည်မှုတွေ ရအောင် ကလေးတို့ နှုတ်ဖျားကို မှန်ကန် ချိုသာ အကျိုးများတဲ့ စကားလုံးလေးတွေနဲ့ တန်ဆာဆင်ပြီး မိသားစုတွင်း ရပ်ရွာအတွင်း အသင်းအဖွဲ့အတွင်း စည်းလုံးအောင် စည်းရုံးပေးပါ လို့ ဖြစ်ပါတယ် 

          ယနေ့ ကြုံနေ ဆုံနေရတဲ့ လူမှု ဆက်ဆံရေးတွေဟာ အသီးသီး စိတ် စေတနာ နှလုံးသား လှကြပေမဲ့  အဲဒီ နှလုံးသားအလှကို စကားနဲ့ ထုတ်မပြောတတ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် လွဲမှားတဲ့ အထင်တွေ အမြင်တွေ ကြားမှာ ပြဿနာတွေ များနေကြရတယ်လို့ ထင်ပါတယ် ...နှစ်လိုတဲ့ အပြုံးနှဲ့အတူ ကျိုးရှိဟုတ်မှတ် အဖိုးတန်သော လှပတဲ့ စကားလုံးလေးတွေ သုံးပြီး စည်းလုံးအောင် စည်းရုံးကြရအောင်ပါ ပြောကြရအောင်ပါ လူ့လောကကို အလှဆင်ကြရအောင်ပါ လို့  တိုက်တွန်းရင်း ကဗျာလေးတွေ ဆိုပြီး ဘုန်းဘုန်းရဲ့ ယနေ့သင်ခန်းစာကို..နိဂုံးချုပ်လိုက်ပါတယ်နော် 

စကားပေါက်ကရ ၊ နှုတ်မဟ  ၊ အ အလိုပဲ နေပါ့မယ် 
တွေ့ကရစကား ၊ နားပင်းလား ၊  မကြားချင်ယောင် ဆောင်ပါ့မယ်
ချမ်းသာလိုဘိ ၊  မင်းတေမိ   ၊ သတိပြုရမယ်
လောဘစကား ၊  မီးတောက်လား၊  ရှောင်ရှားဝေးစွာ  နေပါ့မယ် 
လူချင်းတွေ့လျှင် ၊ ကိုယ်က ပင် ၊ အရင်စကားဆိုပါမယ်
တန်းတူတွေ့လျှင် ၊ ကိုကပင် ၊ အရင်စကားဆိုပါမယ်
ကောင်းဆိုးကြုံရ ၊ ဘုံဘဝဝယ် ၊ကောင်းလှစကား ၊ဆိုငြားဖို့ရာ၊  ခွင့်မသာမူ ၊သတ္တဝါတစ်ခု ၊ကံတခုဟု ၊ ဥပေက္ခာဝင်  ကံ ဆင်ခြင် ကြည်လင်အေးအောင် နေပါ့မယ် ။

          ကလေးတို့အားလုံး လောကီ လောကုတ္တရာ နှစ်ဖြာသောပညာရပ်တွေကို လေ့လာသင်ယူရင်း  ကျန်းမာပျော်ရွှင်စွာ မိဘကျေးဇူး အထူးသိတတ်ပြန်ဆပ်နိုင်သော သားမြတ်ရတနာ သမီးမြတ်ရတနာတွေ ဖြစ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်
                                                                                အရှင်နန္ဒဝံသ 

ဇေယျသုခ ဓမ္မရိပ်သာ

Amarillo , Tx , U.S.A


No comments:

Post a Comment