Monday 1 July 2013

အမာရီလိုက ဖိတ်ခေါ်သံ



အမာရီလိုက ဖိတ်ခေါ်သံ
·        အဝါရောင် နှင်းဆီရဲ့ အလှများ

အမာရီလို ဆိုတာ အမေရိကန်နိုင်ငံ  တက္ကဆက်ပြည်နယ် ရဲ့ မြန်မာမိသားစု အများအပြား ရေက်ရှိအခြေချနေတဲ့ ဒေသ လေး တစ်ခုဖြစ်ပါတယ် ၊ မြို့ရဲ့ အရွယ်အစားဟာ သိပ်ကြီးမားလှတာတော့ မဟုတ်ပါဘူး ၊ ဒီမြို့လေးရဲ့ ပတ်ဝန်းကျင်ဒေသမှာ နွေဦးရာသီ နွေရာသီတွေမှာ ပွင့်လန်းလာတတ်တဲ့ အဝါရောင်သန်းနေတဲ့ တောပန်းရိုင်းလေးများကို အစွဲပြုပြီး အမာရီလို ဟု တင်စားမှည့်ခေါ်ထားတာလို့ သိရပါတယ် ဒါကြောင့် အမာရီလို မြို့လေးကို တက္ကဆက်ပြည်နယ်ရဲ့ အဝါရောင် နှင်းဆီ လို့  တင်စားပြောလေ့ရှိကြပါတယ် ။

ဒီမြို့လေးဟာ မြို့လေးသာ သေးငယ်လှပေမဲ့ ကမ္ဘာပေါ်တွင် helium ဓါတ်ငွေ့ အများအပြားထွက်ရှိရာ ဒေသဖြစ်သလို စိုက်ပျိုးမွေးရေးခြံကျယ်ကြီးများဖြင့် ပြည့်နှက်နေတဲ့ ဒေသ တစ်ခုဖြစ်ပါတယ် ထို့အပြင် အမေရိကန်နိုင်ငံအတွင်း အဓိက အသားထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရာ ဒေသ တစ်ခုလဲ ဖြစ်တာကြောင့် ရွှေ့ပြောင်းအခြေချ သူများအနေဖြင့် အလုပ်အကိုင် ရရှိရန် လွယ်ကူလှပါတယ်  ..အမာရီလိုမြို့ရဲ့ မနီးမဝေးမှာ တည်ရှိတဲ့ Palo Duro Canyon ဆိုတာကတော့ အမေရိကန်မှာ ဒုတိယအကြီး ကင်ညွန်ကြီး တစ်ခုပဲ ဖြစ်ပါတယ် ၊ မြို့တွင်း မြို့ပြင် မှာ အခြားသော လေ့လာစရာ ပြတိုက်အစုံအလင်ကလဲ အမာရီလိုမြို့ကိုအလှဆင်ထားသလိုဖြစ်နေပါတယ် မြေပေါ်မြေအောက် သယံဇာတတွေ အလျှံပယ် ပေါကြွယ်ဝလှတာကြောင့် နယူးမက္ကဆီကို ၊ ဥက္ကလာဟိုးမား နဲ့ နယ်ချင်းထိစပ်နေတဲ့ ဒီဒေသ အတွင်းမှာ အမာရီလို ဆိုတာ စီးပွားရေးအချက်အချာ မြို့သဖွယ်ဖြစ်နေပါတော့တယ် ။

·        မြန်မာနွယ်ဖွား ..  ဒို့ အင်အား 

ဒီမြို့လေးမှာ မြန်မာပြည် ဒေသ အသီးသီးကနေ အကြောင်းပေါင်းစုံနဲ့ ပြောင်းရွှေ့ ရောက်ရှိအခြေချ နေထိုင်ကြတဲ့ မွန် ၊ဗမာ ၊ရခိုင်၊ ချင်း ၊ကရင်၊ ကယား စသည်အားဖြင့် များပြားလှသော မြန်မာပြည်ဖွားတို့ကိုလည်း တွေ့မြင်ရနိုင်ပါတယ် ။အရေအတွက်ပမာဏ အတိအကျ မသိရသော်လည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရတာကတော့ သုံးလေးထောင် ဝန်းကျင်တောင် ရှိတယ်လို့ ပြောကြပါတယ် ၊ လူမျိုးမတူ ဘာသာကွဲပြားကြပေမဲ့ မြန်မာပြည်သားတို့ သွေးစည်းကြမည်ဆိုရင် ဒေသခံတို့နဲ့ အပြိုင် စီးပွားရေးလုပ်လို့  ကြီးပွား တိုးတက်နိုင်ခြေတွေ ရှိတဲ့ မြို့လေးဆိုရင်  မှားမည် မထင်ပါချေ ။

·        အိုးပိုင် အိမ်ပိုင် အခြေခိုင်

ဒီမြို့လေးကို ရောက်ရှိနေထိုင်ကြသူ မြန်မာပြည်ဖွား အများစုတို့ဟာ များသောအားဖြင့် ကိုယ်ပိုင်အိမ်တွေ ဝယ်ယူနေထိုင်ကြတာကို တွေ့ရပါတယ် ။ တချို့ဒေသ မြို့ပြတွေမှာလို အငှားဖြင့် နေထိုင်ကြသူတွေ ရှိပေမဲ့ လုပ်ငန်းခွင်နဲ့ အသားကျ အဆင်ပြေနေသူတွေများစွာကတော့ ကိုယ့်အိုးကိုယ့်အိမ် နဲ့ ဆိုသလိုမျိုး အခြေနေ အထိ ဖြစ်နေကြပါပြီ ၊ အေးဇမ္ဗူ မြန်မာကုန်စုံဆိုင် ... မိုးပြာကုန်စုံဆိုင်.. တွင်းစတား....စသည်အားဖြင့် မြန်မာနွယ်ဖွားတို့ရဲ့  စီးပွားရေးလုပ်ငန်းစု အသီးသီးကိုလည်း တွေ့ရနိုင်သလို ထိုဆိုင်တွေမှာ မြန်မာနိုင်ငံ ထုတ်ကုန် စားဖွယ်အစုံ နဲ့ အသုံးအဆောင်တွေကို ရရှိနိုင်တာကို တွေ့ရပါတယ်။ 

·        ဘာသာ သာသနာ ထွန်းလင်းဖြာ 

အမာရီလိုမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အများစုကို လေ့လာကြည့်တဲ့အခါ တိုင်းရင်းသားလူမျိုးတွေက  အများစု ဖြစ်နေတာ တွေ့ရပါတယ်  တိုင်းရင်းသားပေါင်းစုံရဲ့  ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ပြည့်နေတဲ့ ဒီမြို့လေးဟာ ဖြူ နီ ပြာ ဝါ ရောင်စုံဖြာသော ပန်းပေါင်းစုံတို့ ပွင့်လန်းနေတဲ့ ဥယဉ်လေးသဖွယ် တင့်တယ်လို့ နေပါတယ် ..
ကိုယ်စီကိုယ်စီ ယုံကြည်မှုအလိုက် မိမိဘာသာ သာသနာအကျိုး သယ်ပိုးမှုတွေကလဲ အားရစရာပါ တိုင်းရင်းသားတို့က ကိုယ်ပိုင် ဘုရားရှိခိုးကျောင်းတွေ ဝယ်ယူတည်ထောင်ထားရှိပါတယ် လူမျိုးပေါင်းစုံ စုစည်းပြီး နာရေးကူညီမှုအသင်း ဆိုတာကိုလဲ စုပေါင်းဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်ပါတယ် ကရင်ဗုဒ္ဓဘာသာ အပေါင်းတို့က သာသနာ့အမွေခံ ကရင်ဗုဒ္ဓဘာသာ ကျောင်းကို စုပေါင်းတည်ထောင်ထားကြသလို ကျန်သော စေတနာရှင် တိုင်းရင်သားပေါင်းစုံတို့ကလဲ ဇေယျသုခ ဓမ္မရိပ်သာကျောင်းတော်ကို တည်ထောင်ထားရှိကြပါတယ် ဒီတော့လဲ အမာရီလိုမြို့လေးရှိ မြန်မာနွယ်ဖွား တိုင်းရင်းသားပေါင်းစုံရဲ့ နှလုံးသားမှာ ဘာသာ သာသနာအရောင် ထွန်းလင်းပြောင်လို့ နေပါတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်

·        မြန်မာပြည်လား အထင်မှားဖွယ်
သက်ဆိုင်ရာ မိမိတို့ရဲ့ လူမျိုး ဘာသာ အလိုက် ကျင်းပကြတဲ့ ပွဲတော်တွေ ကျင်းပကြတဲ့ အခါ တွေ့ရ မြင်ရတာ တွေကတော့ တကယ့် မြန်မာပြည် ပြန်ရောက်နေသည့်နှယ် ခံစားရနိုင်ပါတယ် ၊ အစားအာဟာရ မှ အစ ၊ ဝတ်စား ဆင်ယင်မှု ၊ ဖျော်ဖြေတင်ဆက်မှု စသည် စသည် အားဖြင့် မြင်ကွင်းများဟာ မြန်မာပြည်က ရှုခင်းများ သဖွယ် ဖြစ်ပါတော့တယ် ၊ တနည်းအားဖြင့် အနောက်တိုင်းယဉ်ကျေးမှုကို အန်တုကာ  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေကို တမင်တကာ ထိမ်းသိမ်းထားနိုင်တာက အမာရီလိုရဲ့ တကယ့် အလှအပ လို့ ပြောရမယ်ထင်ပါတယ် 

·        စုပေါင်းနွှဲပျော် ဒီပွဲတော်

ဒီလို နှစ်ခြိုက်ခုံမင် ပျော်ရွှင်စရာတို့နဲ့ စုံလင်နေတဲ့ အမာရီလို မြို့တော်မှာ မကြာမီကာလအတွင်း အမျိုး ဘာသာ  သာသနာကို ချစ်မြတ်နိုးကြတဲ့ စေတနာရှင်တွေက စုပေါင်းပြီး စုပေါင်းသာသနာ့ အမွေခံ ပွဲတော်ကြီးကို မြန်မာထေရဝါဒ ဗုဒ္ဓဘာအသင်းကြီးက ဦးစီးပြီး စေတနာရှင် ကုသိုလ်ရှင်တွေရဲ့ စေတနာ သဒ္ဓါအားတွေဖြင့် ကျင်းပ ကြတော့မည် ဖြစ်ပါတယ်။ ယမန်နှစ်က ပထမအကြိမ်အဖြစ် ခန့်ညား စည်ကားစွာ ကျင်းပနိုင်ခဲ့ပြီး ရွှေဗီဒီယို မိသားစုကနေ ကမ္ဘာတစ်ဝှမ်းကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ကုသိုလ်ယူခဲ့ပြီး ဖြစ်ပါတယ် ။ ဒီနှစ်မှာလဲ နယူးယောက်မြို့မှ စွယ်စုံအနုပညာရှင် စန္ဒယားအောင်ဝင်းနဲ့ အတူ အမာရီလို အနုပညာ ယဉ်ကျေးမှု အကအလှအဖွဲ့များက တေးသရုပ်ဖေါ် ၊ ဟာသ၊ အကလှများဖြင့်  ဖျော်ဖြေ တင်ဆက်မည်ဖြစ်သလို ရွှေဗီဒီယို မိသားစုမှ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့် ကုသိုလ်ယူမှာ ဖြစ်ပါတယ် .. အချုပ်အားဖြင့် ဘာသာ သာသနာ နှင့် ရိုးရာ ယဉ်ကျေးမှုကို ချစ်မြတ်နိုး တန်ဖိုးထားကြသော အနီး အဝေး စေတနာရှင်များရဲ့ စုပေါင်းပါဝင် အကျိုးဆောင်မှုတွေရဲ့ ရလာဒ်အနေဖြင့် ဒီပွဲတော်ကြီး ပေါ်ပေါက်လာခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် 

·        ကားနဲ့ လှည့်လည်   မြို့တွင်းဝယ်
ဒီလိုကျင်းပကြတဲ့ အခါ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများနှင့် အညီ ရှင်/ရဟန်း/သီလရှင် အလောင်းလျှာများကို ရိုးရာဝတ်စားဆင်ယင်မှုများဖြင့် ပြင်ဆင်လျှက် မြို့တွင်း လမ်းအသီးသီးသို့ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လှည့်လည်ခြင်းအစီစဉ်လဲ ပါဝင်ပါတယ်  တိုင်းတပါးမှာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို အထွဋ်အမြတ်ထားမှုကို ဖေါ်ကျူးခွင့် ရတယ်လို့ ဆိုရင်လဲ မမှားပါဘူး ဒီနောက်မှာတော့ ဘိသိက်သွင်းခြင်း ၊ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း စသည်အားဖြင့် ခန့်ညား ထည်ဝါစွာ ကျင်းပကြမှာပါ .. ကျွေးမွေး ဧည့်ခံရန် ကလဲ မြန်မာ့ရိုးရာ စားစရာ အစုံအလင်ဖြင့် ပါပဲ ... 

·        သာသနာ့အမွေခံ ကုသိုလ်မှန် 

ဒီလိုခန့်ငြား ထည်ဝါစွာ ကျင်းပနိုင်ဖို့ ကြိုးပန်းကြခြင်းဟာ အလျှံပယ်ချမ်းသာလို့တော့ မဟုတ်ပါဘူး စေတနာ ထက်သန် သဒ္ဓါမှန်လို့ပဲ လို့ ဆိုရမှာပါ ..အမေရိကန်လို နိုင်ငံမှာ သာသနာ့ဝန်ထမ်း ရှင် ရဟန်း သီလရှင်တစ်ပါး ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ဆိုတာ တော်တော်ကို ခက်တာပါ။  တစ်ကျောင်းတစ်ပါး သီတင်းသုံးနေကြရတဲ့ ဘုန်းကြီးကျောင်းတွေ မနဲဘူးဟုလဲ ဆိုရဲပါတယ် ။ မိမိနေထိုင်ရာ ကျောင်းမှာတော့ အခုဆို နှစ်နှစ်ကျော်အတွင်း ရှင် ရဟန်း သီလရှင် ပေါင်း (၁၂၀)ကျော်ကျော် ဖြစ်ခဲ့ပြီလို့ ပြောလို့ရပါပြီ ... ရှင် ရဟန်း သီလရှင်ဘဝဖြင့်  ဗုဒ္ဓဘာသာ စာပေ ယဉ်ကျေးမှု ကျင့်ဝတ်များကိုလဲ သင်ကြားပေးခဲ့မြဲ ဖြစ်တာကြောင့် သာသနာတော်ရဲ့ အမွေများများကို ဖြန့်ဝေနေခြင်း ကုသိုလ်စစ်စစ်လို့ပဲ ဆိုလိုက်ပါရစေ 

·        တကယ့်အမွေ   ပါဝင်စေ
ဒီပွဲတော်မှာ သာသနာ့အမွေကို ခံယူလိုကြတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးများတို့အားလည်း ရှင် ၊ရဟန်း၊  သီလရှင်များအဖြစ် သွတ်သွင်းချီးမြှောက်ပြီး (၇) ရက်တာပတ်လုံး ဝိပဿနာ တရားဓမ္မများကို ပွားများအားထုတ်စေမှာ ဖြစ်ပါတယ် ဒါကြောင့် သာသနာတော်ရဲ့ အနှစ်သာရ ဒါန သီလ ဘာဝနာတို့ကို မိမိတို့ စိတ်တိုင်းကျ ပြုလုပ်အားထုတ်ခွင့်ရနိုင်တဲ့ ပွဲဖြစ်သလို သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကိုယ်ကျင့်တရားတို့ကိုလည်း  မိမိတို့ရဲ့ သန္တာန်မှာ တည်လာ မှီလာအောင် စုပေါင်းစွမ်းဆောင်နိုင်ကြတဲ့ပွဲ ဖြစ်တာမို့ သာသနာ့အမွေခံ ပွဲတော် အစစ် ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ် ။

·        အမာရီလိုက ဖိတ်ခေါ်သံ
နယ်မြေ ဒေသ အသီးသီးရောက် အမျိုး ဘာသာ သာသနာအတွက် အဘက်ဘက်က စိတ်အားထက်သန်ကြတဲ့ ကလျာဏမိတ်အပေါင်းတို့အား နှစ်ထောင်းအားရ ဖိတ်ခေါ်လိုက်ပါရစေ ..အထက်ဖေါ်ပြပါ အလှပေါင်းစုံခိုနေတဲ့ အမရီလိုဆိုတဲ့ မြိုလေးမှာ ကျင်းပမဲ့ စုပေါင်းသာသနာ့အမွေခံ ပွဲတော်သို့ တက်ရောက်ပါဝင်ဆင်နွှဲနိုင်ပါရန်နှင့် ရှင် ရဟန်း သီလရှင် ဘဝကိုခံယူ၍ သာသနာ့အမွေကို ခံယူလိုကြတယ် ဆိုရင်ဖြင့် ၂၀၁၃ ဂျူလိုင်လ ၂၇/၂၈ ရက်များမှာ ကျင်းပမည့် စုပေါင်း သာသနာ့အမွေခံ ပွဲတော်သို့ ကြွရောက် ပါဝင် ခံယူရရှိနိုင်တယ် ဆိုတဲ့ အကြောင်း အကျိုးမျှော်၍ နှိုးဆော် ဖိတ်မန္တကပြုရင်း အမာရီလိုက ဖိတ်ခေါ်သံ ဆိုတဲ့ ရင်ထဲက အတွေးလေး ကို နိဂုံးချုပ်လိုက်ပါရစေ 

ဇေယျသုခ အရှင်နန္ဒဝံသ (Amarillo, Tx,U.S.A)



No comments:

Post a Comment