Wednesday 19 June 2013

သက်ပျင်းချ အတွေးတစ်စ နောက်ကွယ်မှာ

သက်ပျင်းချ အတွေးတစ်စ နောက်ကွယ်မှာ....
ခုတစ်လော စာရေးသူရဲ့ ရင်ထဲမှာ ဘာရယ်လို့ တိတိပပ ဝေခွဲမရသော အတွေးများက စိုးမိုးလို့ နေပါတယ် ၊ မိမိနေထိုင်ရာ ကျောင်းလေးကို အမှီပြုနေတဲ့ ဒေသ ရပ်ဝန်းက ပေါ်ထွန်းလာခဲ့တဲ့ မျိုးဆက်သစ်ကလေးငယ်လေးတွေ ရှေ့ရေးဆိုရင် မှားမယ်မထင်ပါဘူး  မိဘဖြစ်သူတွေရဲ့ နေပုံ  ထိုင်ပုံ ဘဝဖြတ်သန်းပုံတွေက ထိုကလေးငယ်တိုရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေလေတော့ အကယ်၍များ ကလေးငယ်တွေ အတွေးမှား အယူမှားကုန်ရင်ဖြင့် ဆိုတဲ့..အတွေးက ရင်ကို လေးစေမိတာ အမှန်ပါ.. 
 
ဘာကြောင့် ဘယ်လို ရယ်လို့ ပြောဆိုဖို့ မရဲ ပေမဲ့   အတွေးထဲမှာတော့ မိဘ နဲ့ သားသမီး ဘယ်သူက ပိုအရေးကြီးနေမှန်းကို မသိသလိုဖြစ်နေပါတယ် စာရေးသူတို့လို သာသနာ့ဝန်ထမ်းတွေအနေဖြင့် လူကြီးတွေကို ဓမ္မအလင်းရောင်ဖြင့် ဘဝအမှောင်ကို ဖြိုခွင်းလို့  အလင်းပေးသင့်သလို မျိုးဆက်သစ် ကလေးတွေကို မြန်မာစာ နှင့် ယဉ်ကျေးလိမ်မာ သင်ခန်းစာတွေ၊ ဘာသာရေး ဆိုင်ရာ  သိသင့်သိထိုက်သော အခြေခံ ကျင့်ဝတ်တွေ သင်ပေးသင့်တာမှန်ပါတယ် 
 
သို့သော် အမေရိကန် လို နိုင်ငံမျိုးမှာတော့ ဒီ နှစ်ရပ်လုံးဟာ အကောင်အထည်ပေါ်လာဖို့ တော်ရုံနဲ့တော့ မလွယ်ကူဘူးဆိုတာ ကိုယ်တွေ့တွေ များခဲ့တော့ ဘာကိုမှ စိတ်မပါသလို ဖြစ်နေမိတယ် ... တစ်နှစ်လာ ကကြီးခခွေး... တစ်နှစ်လာ ကကြီးခခွေး ...နဲ့  ဘယ်လိုကလေးကမှ ရှေ့တက်မလာ...မိဘ က အားမပေး..ကလေးက အရေးမလုပ် ...အော် အမေရိကန်မှာ အမျိုး ဘာသာ သာသနာအတွက် မျိုးဆက်သစ် ရှာဖွေ မွေးမြူရတဲ့ ဒုက္ခကလဲ ကိုယ်တွေ့မကြုံရင်ဖြင့် ယုံချင်စဖွယ်မရှိချေ...... 
 
တစ်ချိန်က အော်ခဲ့ဘူးတဲ့ မြန်မာစာ သည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား .. ဒို့ပြည်ကို ချစ်ပါ...စတဲ့ စာသားလေးတွေက နားထဲဆီကို အပြေးလေး တိုးဝင်လာပေမဲ့ လက်ရှိအနေအထားနဲ့က ကွာခြားလွန်း နေသလိုလိုခံစားရပါတယ်  
 
  တိုင်းပြည်နဲ့ လူမျိုးကို ချစ်လွန်းလို့ ဘဝကိုပင် အနစ်မွန်းခံကာ စကားအခွန်းတိုင်းမှာ ဒီမိုကရေစီ စကားပါနေခဲ့သူတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးပေါ်ထားတဲ့ အချစ်က မှန် မမှန် မသိပေမဲ့ ရင်မှ ဖြစ်ပွား သမီး သားကိုပင် မြန်မာစာ မြန်မာစကား သင်ပေးဖို့ အတွေးပျောက်နေကြတာ တွေ့ရပါတယ်  အမေရိကန် ရောက်အောင် ကြိုးစားပေးခဲ့တာကိုပင် မိဘတာဝန်ကျေနေပြီလို့ ခံယူချက်များ ထားနေကြသလားတော့ တွေးမသိနိုင်ပါချေ...
 
 မြင်နေရတာကတော့  မျိုးဆက်သစ်တွေကို မြန်မာ့သမိုင်း မြန်မာစာ မြန်မာ စကား မြန်မာ့ယဉ်ကျေးမှု ဘာတစ်ခုမှ မျှဝေ ဖြန်ဝေဖို့ မကြိုးစား... ပင်ပန်းတာ အကြောင်းပြု ပေါင်းစုလို့ သောက်စား ...ဟိုသွား ဒီလယ် ယောင်ခြောက်ဆယ် လူမှုရေးနဲ့ ပဲ အချိန်ကုန်နေကြတာ တွေ့နေရပါတယ် ... ကိုယ်စီ ကိုယ်စီ အတွေးတွေနဲ့ ဘုန်းကြီးကျောင်းတွေ တည် ၊ ဘုန်းကြီးတွေပင့်ဆောင် ထားကြပေမဲ့ ဒီ ဘုန်းကြီးတွေကိုလဲ ဘာသာရေး ခန်းဝင်ပစ္စည်းလိုပဲ စိတ်ထဲ သဘောထားကြသလို ဖြစ်နေတယ် ထင်ပါရဲ့ ... 
 
 လူကြီးကိုယ်တိုင်လဲ ကျောင်းကန် ဘုရား အရောက်သွားလို့  ဓမ္မတရား နဲ့ မနေနိုင်ကြ . သားသမီးများကိုလဲ အကြောင်းအမျိုးမျိုးပြကား ဘုန်းတော်ကြီးကျောင်းတွေ ပို့ဖို့ ဝန်လေးနေကြတော့ ဒီ ဘုန်းကြီးကျောင်းတွေ တည်ထောင်ပြီး ဘုန်းကြီးတွေ ပင့်ထားခြင်းဟာ ဘာ အတွက်လဲ လို့ မေးရမလိုပါပဲ . တစ်ချို့ဆို  သားသမီးကို လမ်းညွန်ပြဖို့ ဝေးစွ ၊  မိဘ တို့ကိုယ်တိုင် ပင် ကျောင်းဆို ဝေးဝေးက ခွာရှောင်နေကြလေရဲ့ ..... ကဲ ဒီတော့လဲ  အမေရိကန်ရောက်  ဗုဒ္ဓသားရဟန်းတော်များရဲ့ အနေအထားဟာ မူလလမ်းစဉ်ကနေ သွေဖယ်သွားရခြင်း အကြောင်းရင်းကို စဉ်းစားအဖြေရှာလို့ ရလာ သလိုလိုပါပဲ
 
   ဘာပဲ ပြောပြော.....ဘူး သီးကြွက်ဖောက် အရောက်ရောက်.... ပဲကြီး ရေစိမ် အချိန်တန်ပွ စတဲ့ မြန်မာပြည်သားတို့ရဲ ဖြေသိမ့်စကားတွေ အတိုင်းပါပဲ ... မိမိလဲ လိုက်ပါ စီးဆင်းလိုက်ရုံ ထင်ပါ့ပေါ့  ဒီ ကွေ့ ကို ဒီ တက်နဲ့ လှော်..  ဟို အကွေ့ ဟို တက်နဲ့ လှော်တတ် အောင် ကြိုးစားနေရုံမှ တပါး အခြားတော့  လမ်းရှာမတွေ့သေး အတူတူ... အတွေးထဲက အပူ ကို ဖယ်ထုတ်ဖို့  နှာသီးဖျားကပဲ လေပူကို တစ်ချက်ထုတ်ရင်း  သက်ပျင်းချလိုက်ရပါတော့တယ်
 
ဇေယျသုခ အရှင်နန္ဒဝံသ

No comments:

Post a Comment