Monday 15 July 2013

အမေသာဓု ခေါ်ပါလေ
စာရေးသူ မှီတင်းနေထိုင်တဲ့ တက္ကဆက် ပြည်နယ် ဆိုတာ ပူရင်လဲ ပူလွန်း ..အေးရင်လဲ အေးလွန်းတဲ့ ဒေသ ။ အမေရိကန်မှာရာသီ ဥတု အကြမ်းဆုံးဒေသထဲမှာ ပါတယ်လို့ပင် ထင်ရလေရဲ့..
တိတိကျကျတော့ စာရေးသူပြောရန် ဉာဏ်မမှီချေ  ။ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝသလောက် ရာသီဥတုဒဏ် ခပ်ကြမ်းကြမ်းကိုလဲ ရင်ဆိုင်ရလေ့ရှိတဲ့ ပြည်နယ်တစ်ခုလို့တော့ ကောက်ချက်ဆွဲမိတယ်
ပြည်နယ်အတွင်းက သမုဒ္ဒရာကမ်းစပ် နဲ့ နီးတဲ့ မြို့ကြီးတွေမှာ သစ်ပင်ညို့ညို့  တောမို့မို့ဖြင့် နေဖို့ကောင်းတဲ့ ရာသီ ရှိပေမဲ့ ရေလည်း မနီး တောလည်း မရှိတဲ့ စာရေးသူတို့လို လွင်တီးခေါင်ဒေသကတော့ ရာသီဥတု  ကြမ်းလှပါတယ်...
မြို့နီးဝန်းကျင်.... အရှေ့အနောက် တောင်မြောက်ဝဲယာ ဘယ်ဆီမှာ ကြည့်ကြည့်..ဟာလာဟင်းလင်း လယ်ကွင်းတို့သာ မျက်ဝန်းထဲမှာ ပေါ်လာလေစမြဲ ပါ.......
တစ်နှစ်မှာ တစ်ခါ   တစ်ရာသီသာ စိုက်ပျိုးလို့ဖြစ်ပြီး လောကကြီးကို အလုပ်အကြွေး ပြုနေတဲ့ လယ်ကွင်းတွေဆိုရင် မှားလိမ့်မယ် မထင်ပါဘူး
ကျန်တဲ့အချိန်တွေမှာ ရာသီဥတု ကြမ်းတမ်းမှုက ဝါးမျိုးထားလေတော့ သူတို့လဲ လောကကြီးကို အလှဆင် ပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေကြဟန် တူပါတယ်

ခမ်းခြောက်လှတယ် ကျောင်းတွင်းဝယ်
စာရေးသူရဲ့ ကျောင်းဝန်းအတွင်း ကြည့်ပြန်တော့လဲ သစ်ကြီးမရှိ.. ဝါးလည်းမပေါက် ..ခမ်းခြောက်ခြောက်ရယ်သာ... ဘန်ကောက်က ဇူလီယံဆရာတော် ကတော့ မှတ်ချက်ပေးတယ် ဆရာတော်ကျောင်းက လယ်ကွင်းထဲ မှာ တည်ထားသလိုပဲ နော်တဲ့ စိမ်းစိမ်းစိုစိုလဲ မရှိဘူးတဲ့ ..
ဆိတ်ငြိမ်အေးချမ်း ကျောင်းသင်္ခန်းလို့ ပြောကြပေမဲ့ စာရေးသူကျောင်းလေးကတော့ ဒီအထဲ မပါနိုင်ဖြစ်နေသေးပါတယ် အနီး အဝေးက အလယ်ရောက်လာသူတွေရဲ့  ရင်တွင်းကို ထိုးဖေါက် နေရာ ယူနိုင်လောက်တဲ့ အဆောက်အဦ တွေ မရှိသလို စိမ်းစိမ်းစိုစို နဲ့ ရင်ကို အေးချမ်းအောင် စွမ်းဆောင်နိုင်တဲ့ မြင်ကွင်းမျိုးလဲ ကျောင်းဝန်းအတွင်းမှာ ဖြစ်ထွန်းတည်လာအောင် မစွမ်းဆောင်နိုင်သေးပါဘူး

ကလေးမပျော် ဒီကျောင်းတော်
စာရေးသူရဲ့ ကျောင်းမှာ အခါအားလျှော်စွာ မြန်မာစာ ရေးဖတ် နဲ့ ယဉ်ကျေးလိမ်မာသင်တန်းလေးတွေ ဖွင့်လှစ်ပို့ချဖြစ်ပါတယ်  ဒီအခါ တက်ရောက်လာတဲ့ ကလေးငယ်တွေဟာ မပျော်ကြပါဘူး ဘာကြောင့်လဲ ဆိုတော့ သူတို့ အတွက် နားစရာ နေရာ မကျယ်ဝန်းသလို သူတို့စိတ်ကို ညို့ယူနိုင်လောက်တဲ့ ခန့်ညားမှု သေသပ်မှုကလဲ ရှိမှ မရှိပဲ ကိုး... ထို့အပြင် အားလပ်ချိန်ပေးပြန်တော့လဲ သူတို့အတွက် ပြေးလွှား ဆော့ကစားဖို့ မြက်ခင်းပြင် နဲ့အတူ ရာသီဥတု ဒဏ်ကို ကာကွယ်ပေးမဲ့ သစ်ပင်ကြီးတွေ မရှိဘူးမလား ဒီတော့လဲ မိဘတွေမှာ ကလေးငယ်လေးတွေက ကျောင်းရောက်တာနဲ့ အိမ်ပြန်ချင်ကြောင်းပဲ ပြောနေသံ ကြားရပါလေတယ်

ကံ ပေးသမျှ ဉာဏ်ဖေးမ ၍
ကံ ကတော့ အမေရိကန်မှာ အခြေချ နေထိုင်ခွင့်ရဖို့ ကျေးဇူးပြုပေးလိုက်ပါပြီ  နေရပြန်တော့လဲ ကိုယ်ပိုင် ကျောင်းနဲ့ လေးဧကခန့်ကျယ်တဲ့ ခြံ နဲ့ ။  လိုနေတာက အဲဒီကံကို ဉာဏ်နဲ့ ခြံ ရံပြီး အလှဆင်ပေးဖို့ ထင်ပါရဲ့..
ဒီအတွေးတွေနဲ့ အတူ ကျောင်းဝန်းတစ်ခုလုံး စိမ်းလန်းသာယာဖို့ ဆိုပြီး ကျောင်းဝိုင်း အတွင်း သစ်ပင်ကြီးငယ်ပေါင်း လေးဆယ်ကျော်ကို မနှစ်က စိုက်ပျိုးဖြစ်ခဲ့ပါတယ်..
ကလေးငယ်တွေ အတွက် ကားစားကွင်း သေးသေးနဲ့ အတူ အဆောက်အဦလေးတွေကို သေသပ်အောင် ပြုပြင်ဖြစ်ခဲ့ပါတယ် မျိုးဆက်သစ် ရင်သွေးလေးများ ကျောင်းမှာ ပျော်၍ မြန်မာစာပေ စကား ယဉ်ကျေးမှုများ မျှဝေပေးနိုင်ဖို့ ဆိုတဲ့ အတွေးနဲ့ပေါ့ ...
ဒါပေမဲ့ သေးငယ်တဲ့ အပင်တွေကတော့ ကြမ်းတမ်းတဲ့ ရာသီဥတု ရဲ့ ဝါးမျိုမှုအောက်မှာ တစ်ပင်လုံးညိုးခြောက် သွားတာကို ကြုံရပြန်ပါတယ် ဒါကြောင့် ဒီနှစ်မှာလဲ လိုအပ်တဲ့ နေရာတွေမျာ သစ်ပင် မျိုးစုံကို ဖြည့်စွက် စိုက်ပျိုးဖြစ်သွားပါတော့တယ်
စုပေါင်းညီတူ ဝိုင်းလို့ကူ
ကျောင်းဝိုင်းစိမ်းလန်းစိုပြေ သာယာစေဖို့ သစ်ပင်စိုက်ကြစို့လို့ အသံပေးလိုက်တာနဲ့ သဒ္ဓါဓါတ်ခံ ရင့်သန်ကြတဲ့ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းသူ အသင်းသားတို့ဟာ အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်ကြပါတော့တယ်
ဦးမောင်ရွှေ ဦးကျော်ဝေစိုး တို့အဖွဲ့က မြေတူးစက်ကြီး ငှားပြီး သစ်ပင်စိုက်ဖို့  ကျင်းတွေ တူးကြပြီး  ဦးလှဦး ကိုထွန်းတင်အောင် ကိုသောင်းယု မောင်မင်းထွန်းတို့ကလိုအပ်တဲ့ သစ်ပင်တွေကို လှည့်လည် ဝယ်ယူကြပါတယ်
ဒီလိုနဲ့ တနင်္ဂနွေနေ့ညနေမှာတော့  ဦးညီညီလွင် ဦးဆောင်သော စေတနာရှင် ကုသိုလ်ရှင်တွေများစွာက ကျောင်းတော်အတွင်း စိမ်းလန်းစိုပြေ သာယာဖို့ ညီညီစွာ သစ်ပင်များ စုပေါင်း စိုက်ပျိုးလိုက်ရာ ကျောင်းတော်အတွင်း မြင်ကွင်းသည် ချက်ချင်း ပြောင်းလဲ သွားသလို ခံစားရပါတော့တယ်

စေတနာရှင် များစွာ ပေါ်ထွက်လာ
ဒီလို သစ်ပင် စိုက်ပျိုးနိုင်ဖို့  မည်သူ တစ်ဦးတစ်ယောက်ဆီကိုမှ အလှူခံ ဖို့ မတွေးခဲ့ပါဘူး  ကျန်းမာရေးကြောင့် ဆေးရုံ အသီးသီးမှာ အနားယူနေကြရတဲ့ စာရေးသူရဲ့ ကျေးဇူးရှင်များ ဖြစ်ကြသော ရန်ကုန် ညောင်ကန်အေးဆရာတော်ကြီး ၊ မီဝေါလ်ကီးဆရာတော်ဦးပမရ နဲ့ ရမည်းသင်းဆေးရုံကြီးရောက် မယ်တော်ကြီးဒေါ်ခင်ရီတို့ တစ်တွေ အသက်ရှည်စွာ အနာမဲ့ပါစေကြောင်း ဆုတောင်းရင်း စာရေးသူ ကောင်းမှု တစ်ခုအနေနဲ့ လှူမယ်ဆိုပြီး ဝယ်ယူ စိုက်ပျိုးဖို့ ကြိုပန်းခဲ့တာပါ  ။ သို့သော်လည်း မောင်မင်းထွန်း+မဖြူဖြူစိုး ၊ ကိုသောင်းယု+မစိန်အေး၊ ကိုကျော်သူရ+မချစ်စု ၊ဦးမင်းကျော်၊  မောင်ဝင်းဇော်(ခ)မောင်ပေါက်ကျိုင်း၊ မောင်စိုင်းစိုင်း စတဲ့ အလှူရှင်တွေ ၊ ကိုထွန်းတင်အောင် +မသီရိထွန်း၊ မောင်ချစ်ဆွေ+မနန္ဒာဝေ၊ စတဲ့ မင်္ဂလာဦးအလှူရှင်တွေ ၊ ကိုမင်းစိန် ကဲ့သို့သော မွေးနေ့ အလှူရှင်တွေက တစ်တပ် တစ်အား ပါဝင်လှူဒါန်း ကုသိုလ်ယူလိုက်သော အခါ ဇေယျသုခ ဓမ္မရိပ်သာသည် သစ်ပင်များစွာ ပန်းမာလာ တို့ဖြင့် သာယာစဖွယ် တင့်တယ်လို့ လာခဲ့ပြီလို့ ပြောရတော့မယ် ထင်ပါတယ်

သိကြားသက်သေ  မိုးသက်သေ
တိုက်ဆိုင်မှုပင် ဆိုရမလား မသိတော့ပါ  ။ အရင်ရက်တွေက အငြိုးကြီးစွာ ပူနေခဲ့တဲ့ နေမင်းကြီးဟာ စာရေးသူတို့ သစ်ပင်စိုက်ပျိုးသည့် တနင်္ဂနွေနေ့မှာတော့ ဘယ်ဆီရောက်နေသည်ပင် မသိတော့ချေ ၊ တိမ်သလ္လာတို့အောက်မှာ အပူရှိန်ကင်းပျောက်လို့ နေပါတော့တယ် ဒီမျှတင် မကသေးပါ  သစ်ပင်စိုက်ပျိုးပြီးရာ ညအခါမှတော့ မိုးနတ်သားက ရေစင်သွန်းဖြန်းပေးသည့်အလား ထင်မှတ်မှားလောက်အောင် မိုးရွာပေးပါတော့တယ်  ဒီ တနင်္လာတစ်နေကုန်အထိ နေမပူပဲ မိုးဓါတ်လေးနဲ့ အေးလို့ နေသလို ညနေယွန်းယွန်းမှာတော့ မိုးလေး ရွာသွန်းလိုက်ပြန်ပါသေးတယ်

ဤသည့်ကောင်းမှု  ပန်သည့်ဆု
ဤကဲ့သို့ အမျိုး ဘာသာ သာသနာအတွက် တဘက်တလမ်းက အကျိုးပြုနေတဲ့ ဇေယျသုခ ဓမ္မရိပ်သာအတွင်း သစ်ပင်ပေါင်းများစွာ စိုက်ပျိုးလှူဒါန်းရတဲ့ အတွက် ကျေးဇူးဆရာတော်များအားလုံးလဲ သက်ရှည်ကျန်းမာ ချမ်းသာပါစေ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကြီးဒေါ်ခင်ရီလဲ ခံစားနေရတဲ့ ရောဂါဝေဒနာတွေက အမြန်ဆုံး သက်သာပျောက်ကင်းကာ ဒုက္ခဝေးရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေကို ကျင့်ကြံနိုင်ပါစေ လို့ အထူးအားဖြင့် ဆုတောင်းပါတယ်  ဇေယျသုခ ဓမ္မရိပ်သာ သို့ ရောက်လာသမျှ ဝေနေယျအပေါင်း ဘုရားဖက်လို့ အသက်ရှည်ကြပါစေ တရားဖက်၍ အမျက်ပြေကြပါစေ သံဃာဖက်၍ ခက်ဝေကြီးပွား ချမ်းသာကြပါစေ ဘေးဒဏ် ရန် မှန်သမျှ ကင်းပါစေလို့  ဆုတောင်းလိုက်ပါတယ်

အမေသာဓုခေါ်ပါလေ
ဤကဲ့သို့ အမျိုး ဘာသာ သာသနာအတွက် အဘက်ဘက်က ရည်ရွယ်ချက်တွေနဲ့ သားပြုလေသမျှ ကောင်းမှုကုသိုလ်တွေရဲ့ အဖို့ဘာဂကို ကျေးဇူးရှင်မှန်သမျှကို အမျှပေးဝေသလို နတ်ဗြဟ္မာအပေါင်းကိုလဲ အမျှပေးဝေပါတယ် အထူးအားဖြင့် ဓါတ်လေးပါး ဖောက်ပြန်ပျက်စီးမှုကြောင့် ဆေးရုံအသီးသီးသို့ ရောက်ရှိနေကြတဲ့ စားရေးသူရဲ့ ကျေးဇူးရှင် ညောင်ကန်အေးဆရာတော်ကြီး ၊ မယ်တော်ကြီး ဒေါ်ခင်ရီတို့က သာဓုခေါ်လို့မို့  အကျိုးမှန်သမျှ တိုက်ရိုက်ရရှိနိုင်ကာ သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတွေကို ကျင့်ကြံနိုင်ပါစေလို့
                                       အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ          
                                                                                          ဇေယျသုခ အရှင်နန္ဒဝံသ

 

No comments:

Post a Comment