Sunday 10 February 2013

ပါရမီမြောက်သော ဒို့ကုသိုလ်




အယ်မာရီလို မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်များ၏ ပါရမီမြောက်သော
             ဆောင်ရွက်ချက်များ (ပါရမီ ၁၀-ပါး)


  1. ဇေယျသုခကျောင်းအတွက် ပစ္စည်းလေးပါးလှူဒါန်းခြင်း၊ လစဉ်အလှူငွေများထည့်ဝင်
ခြင်း၊ ဝေယျာဝစ္စလုပ်အားဒါနများ ပြုလုပ်ခြင်း၊ ဓမ္မာရုံဆောက်လုပ်ရန်အတွက်လှူဒါန်း
ခြင်းများသည်  “ဒါန”  ပါရမီ

  1. သီလကိုလုံခြုံစေ၍ပြုသော ဒါနကုသိုလ်သည် ပို၍အကျိုးများသည်ကို သိသဖြင့် မိမိထိန်းသိမ်းနိုင်သမျှ စာရိတ္တသီလ၊ ဝါရိတ္တသီလကိုလုံခြုံအောင် မိမိတို့၏ ကိုယ်နှုတ် တို့ကို စောင့်ရှောက်ထားခြင်းသည်   “သီလ” ပါရမီ

  1. သီလကိုလုံခြုံစေရာတွင် မကောင်းသည့် မိမိ၏အကြိုက်များ စရိုက်များကို တတ်နိုင်
သမျှရှောင်ရှား စွန့်လွှတ် ရခြင်းသည်  “နိက္ခမ”  ပါရမီ

  1. မိမိအတွက်သော်လည်းကောင်း အများအတွက်သော်လည်းကောင်း မည်သည်က အကျိုးဖြစ်စေသည့်အလုပ်၊ မည်သည်က အကျိုးယုတ်စေသည့်အလုပ် စသည်ဖြင့်
ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိခြင်းသည်  “ပညာ”  ပါရမီ

  1. ဘာသာသာသနာအတွက် ဆောင်ရွက်ရာတွင် မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာ
အကျိုးရှိစေသော ကိစ္စများကိုသာ အစဉ်သဖြင့် အားထုတ်ခြင်းသည်  “၀ီရိယ”  ပါရမီ

  1. ဒါန၊ သီလ စသောအမှုများကို ပြုနေသော်လည်း စိတ်ပျက်စရာ၊ စိတ်ညစ်စရာများနှင့်
ကြုံလာသောအခါ ဒါတွေဟာ ငါ့ရဲ့ မြင့်မြတ်တဲ့အလုပ်တွေကို စမ်းသပ်စိန်ခေါ်တဲ့
လောကဓံ အနှောက်အယှက်တွေဘဲဆိုပြီး သီးခံခြင်းသည်  “ခန္တီ”  ပါရမီ

  1. ဘာသာသာသနာအတွက် ကျရာတာဝန်ကိုထမ်းဆောင်ဖို့ကတိပြုထားပြီး အဲဒီကတိကို
မဖောက်ဖျက်ခြင်းသည်  “သစ္စာ”  ပါရမီ

  1. ခိုင်မာသောစိတ်ဓာတ်ဖြင့် ဘာသာသာသနာအကျိုးအတွက်ဆောင်ရွက်ပြီး ကုသိုလ်ယူ
သွားမည်ဟု စိတ်ပိုင်းဖြတ်ထားခြင်းသည် “အဓိဌာန်”  ပါရမီ

  1. သဘောထားမတိုက်ဆိုင်သူများနှင့် လက်တွဲလုပ်ကိုင်နေရသော်လည်း ထိုသူတို့အပေါ်
အပြစ်မမြင်ဘဲ ချစ်ခင်စိတ်ဝင်ခြင်းသည်  “မေတ္တာ”  ပါရမီ

  1. အများအကျိုးအတွက် ကုသိုလ်ရေးလုပ်ဆောင်ရာတွင် တစ်ပါးသူ၏ ကဲ့ရဲ့ ခြင်း၊ချီးမွမ်း
ခြင်းတို့အပေါ်အမှုမထားဘဲ ဘက်လိုက်မှုကင်းကာ စိတ်ကို မတုန်လှုပ်အောင်ထိန်း
ထားနိုင်ခြင်းသည်  “ဥပေက္ခာ”  ပါရမီ။


{ခလေးငယ်များ၏ ၃-ရက်တာ ယဉ်ကျေးလိမ္မာမွမ်းမံသင်တန်း (Jan 5-7, 2012) သင်ရိုး မှ
ကောက်နှုတ်ဖေါ်ပြသည်}

No comments:

Post a Comment