Saturday 23 November 2013

အောင်မြင်ချင်လျှင် ရှေ့သို့ချီ

အောင်မြင်ချင်လျှင် ရှေ့သို့ချီ
ရာသီရှေ့ပြေး ဆောင်းလေအေး
ဒီနေ့ ရာသီဥတုက ယခင်ရက်တွေနဲ့ သိပ် မတူလှ ။ ယခင်လများက သာယာလှပနေခဲ့တဲ့ ကျောင်းဝင်းအတွင်းက မြင်ကွင်းများသည်လည်း ဆောင်းလေညှင်းအောက်မှာ လွင့်ပျောက်စ ပြုကုန်ကြပြီ ။ စိမ်းစိုစို သစ်ရွက်တို့သည်လည်း ပင်မြင့်ထက်မှာ မလန်းသာတော့။ စိမ်းလျှက်က မြေထက် ကြွေသက်ဖို့ အကြောင်းဖန်လာပြီထင်ရတယ် ... ပွင့်လက်စ ပန်းတို့သည်လည်း နွမ်းခွေကြွေကျလို့ မြေသို့ခခဲ့ကြပြီပေါ့ ဒါကိုပင် ဆောင်းရာသီရဲ့ ရှေ့ပြေးဖြစ်မယ်လိုတွေးမိလိုက်ပါတယ် ..။
ဘာတစ်ခုမျှ အစိုးမရ ....ဒါလဲ အနတ္တ
ရာသီဥတု သည်လည်း လောကကြီးကို အပြောင်းအလဲ ဖြစ်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ လက်တွေ့ သင်ခန်းစာတွေ ပေးနေသလိုလိုပါပဲ ..။ ခုလဲ ကြည့်လေ ..ကွင်းပြင်အလယ်မှာ အထီးတည်း ဖြစ်နေခဲ့သော မိမိနေထိုင်ရာ ကျောင်းလေးသည် လေပြင်းကျမှုအောက်မှာ လွင့်ပျောက်သွားမတတ်ဖြစ်နေခဲ့တယ် ။ တစ်နွေလုံး မိုးရွာလိုက် နေပူလိုက်နဲ့ သာယာလှပနေခဲ့တဲ့ သဘာဝဝန်းကျင်ကြီးဟာ ဆောင်းတွင်းရောက်လာတဲ့အခါမှာတော့ သစ်ရွက်ဗလာ ပွင့်မလာတော့သမို့ ပင်စည်ထီးတည်း နဲ့ အကျည်းတန်သွားသလိုနှယ် ထင်ရပါတယ် ။ သတင်းတွေမှာ ကြားနေရသည်ကလည်း အခြားဒေသတွေမှာ မိုးသက်လေပြင်း တော်တော်ကို ပြင်းထန်သွားသတဲ့လေ ။ နေသာလိုက် မိုးရွာလိုက် ..လေငြိမ်လိုက် လေပြင်းလိုက်နဲ့ မို့ ရာသီဥတုတည်းဟူသော သဘာဝတရားကြီးက လောကကြီးဟာ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်တဲ့သဘာဝရှိကြောင်း သက်သေပြနေသလိုနှယ်ပေါ့
လေပျင်းသက်ခဲ့ပေမဲ့ အပြုံးမပျက်ခဲ့
အခြားဒေသတွေလောက်မုန်တိုင်းမဆန် လေမထန်ခဲ့ပေမဲ့ အဲဒီနေ့က အမာရီလိုလေဟာ ပြင်းအား များလွန်းလှပါတယ်။ကထိန်ပွဲတော် နွှဲပျော်ဖို့ မျှော်လင့်စောင့်စားနေကြတဲ့သူတွေကြားမှာ ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ အတွေး စကားများက နားပင်မဆံ့ဖြစ်ခဲ့ရတဲ့ နေ့လေးဆိုလဲမမှား ပါဘူး သဒ္ဓါအရှိန်ကြီးသူတွေ စုပေါင်းပြီး တစ်နှစ်မှ တစ်ကြိမ် စုပေါင်းကျင်းပ လှူဒါန်းကြတဲ့ ကထိန်မို့ အားလုံးက အချိန်ယူလုံးပမ်းဆောင်ရွက်နေခဲ့ကြတာကို သတိပြုမိတယ် ၊
အထူးသဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံ စိတ်ထားပြည့်ဝကြသော ကထိန်ပွဲတော် ကျင်းပရေး အမှုဆောင်များ ဟာ .... မိမိတို့ စက်ရုံ အလုပ်ရုံတွေမှာ အချိန်ပို အလုပ်တွေ ရှိကြပါလျှက် အလုပ်တွေ ဖျက်ပြီး ဆောင်ရွက်ခဲ့ကြတာကိုလဲ စိတ်ထဲမှာ ကြိတ်ပြီး ချီးကျူးမဆုံးပါဘူး ။ အဝေး အနီး ခရီးနှင်လို့ နိဗ္ဗာန်ဆော်တွေ သဖွယ် တစ်ကြော်ကြော် ဖိတ်ခေါ်ခဲ့ကြသူတွေရဲ့ ရင်ထဲက အပူခဲကို တွေးကြည့်မိတော့ ရင်ထဲ မချိဘူးပေါ့ ၊
အော် ဘာသာ သာသနာအတွက် သဒ္ဓါလက်နဲ့ အားတက်ရွှင်ပျော်နေကြတဲ့ သူတို့ကို ကြည့်ပြီး သူတို့ရင်ထဲက အပူခဲတွေဟာ လေထဲသက်ရောက် နှင်းပွင့်ပေါက်တို့နှယ် လွင့်ပြယ်ပါစေပါကြောင်း ဆုတောင်းလိုက်မိတယ် ။ ထို့အတူပင် စေတနာရှင်တို့ရဲ့ ရင်ထဲက သဒ္ဓါစွမ်းပကား ကို တွေးကြည့်မိတော့ အပြုံးမပျက် ရှေ့သို့ဆက်ဖို့ အားအင်တွေ ပြည့်လာပြန်ရောလေ ...။
သူမပါ မပြီး...သူ.. ကြီးလဲ မဖြစ်
တကယ်တော့ ... ဒီ လေ ဆိုတာ ဒီကမ္ဘာလောကကြီးမှာ မရှိမဖြစ်တဲ့ အရာမဟုတ်လား လေကြောင့် အသက်ရှင်နေကြသလို လေကြောင့်ပင် အသက်အန္တရယ်တွေ ကြုံနေကြရတာလဲ များစွာထင်ပါရဲ့... မကြာမကြာ ကြားသိမြင်တွေ့ ဖတ်ရှုနေရတဲ့သတင်းတွေမှာ မုန်တိုင်းမျိုးစုံရဲ့ သတင်းတွေဟာ အများပြည်သူတို့ရဲ့စိတ်ရင်းကို ချမ်းသာစေတဲ့သတင်းတွေ မဟုတ်ပါဘူး ခုလဲ ကြည့်လေ အမာရီလိုမှာ တိုက်ခတ်နေတဲ့လေဟာ ကထိန်အလှူပွဲ ဆင်နွှဲဖို့ တာဆူနေကြတဲ့ စေတနာရှင် လုပ်အားရှင်တွေကို အပူပင်တိုးစေသလိုနှယ်ဖြစ်နေပါတော့တယ်..အကယ်၍များ ဒီထက်မက လေကြီး မိုးကြီးကျခဲ့မည်ဆိုပါက ကထိန်ပွဲတော်ကြီး နွှဲပျော်လို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ..။
လေကြောင့် ကွဲတုန်...လေကြောင့်ဆုံ
လေယူရာတိမ်းပြီး လေသိမ်းရာ လိုက်ပါခဲ့ရတဲ့ သက်ရှိသက်မဲ့များစွာသောအရာတွေဟာ လေကြောင့်တစ်နေရာရာမှာ စုပြုံဆုံမိတတ်တဲ့သဘောကို ဂျပန်ဆူနာမီပုံရိပ်တွေမှာရော မြန်မာပြည်က နာဂစ်မုန်တိုင်းတုန်းကပါ တွေ့ခဲ့မြင်ခဲ့ဘူးပါတယ် ။ ထို့အတူပင် လေယူရာတွင် လိုက်ပါနှင်ရင်း လွင်ပြင်မှာ စုပုံနေခဲ့ကြတာတွေကိုလည်း ကုန်း ရေ ခရီးအသီးသီးမှာ တွေမြင်ဖူးပါရဲ့..ဒါပေမဲ့ မိမိနဲ့ အလှမ်းဝေးနေလို့လား မသိခဲ့..ရင်ထဲမှာ သိပ်ပြီးကြီးကြီးကျယ်ကျယ် မခံစားခဲ့ဘူးလေ ၊ ခုတော့ ကထိန်အတွက် ပြင်ဆင်ထားခဲ့တဲ့ မဏ္ဍပ် လေပြင်းရဲ့ အနှောက် ခံရလို့ လေရဲ့ သဘောကို စောကြောအတွေးချဲ့ကြည့်မိမှ လောကကြီးမှာ လေကြောင့် ကွဲရတာ လေကြောင့် တွဲမိတာတွေ ကို သဘောပေါက်လာသလိုလိုပါပဲ
ပါးစပ်မှာဓါး သတိထား
လေနဲ့ ပတ်သက်လို့ အတွေးလေးတွေကို အကျယ်ချဲ့မိတော့ နေ့စဉ် ပြောနေကြ စကားတွေဟာ လေနှင့်မကင်းပါလား လို့ သတိထားမိတယ် ၊ တစ်ချို့ချို့သောသူတွေရဲ့ အပြောအဆိုစကားတွေဟာ သေနတ်ကျည်ဆံထက် ကြောက်စရာကောင်းလှပါတယ် ၊ ခုတစ်လော သတင်းတွေမှာ စကားတစ်လုံးရဲ့ နောက်ကွယ်မှာ အငြင်းပွားဖွယ်တွေ များနေတာလဲ လူတွေရဲ့ နှုတ်က ထွက်တိုက်တဲ့ လေကြောင့်ပင့် ထင်တာပါပဲ ၊ အမေရိကန် ထောက်လှမ်းရေးဟောင်း စနိုးဒင်ရဲ့ ဖွင့်ချမှုတွေ က အမေရိကန်နဲ့ မဟာမိတ်တွေအကြား သဘောထားကွဲပြားမှုတွေ ဖြစ်စေခြဲ့ပီး ယုံကြည်မှုတွေ မဲ့စေခဲ့သလို မြန်မာပြည်က လူကြီးများရဲ့ နှုတ်ထွက်စကား တွေအောက်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာကလဲ မုန်တိုင်းထဲက လေတဲ့တောင် ကြောက်စရာကောင်းကြောင်း သက်သေတွေပဲ ထင်ပါရဲ့ ။
ဒါ့အပြင် ခုတစ်လောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလောက ဘာသာရေး လောက အတွင်းက အငြင်းပွားဖွယ်များမှာလဲ ပါးစပ် နဲ့ တိုက်ခဲ့တဲ့ လေပွေတွေ ပါနေမှာ မလွဲပါဘူး ၊ လေပွေ ဆိုတဲ့ အမည်နဲ့ လိုက်အောင် သက်ဆိုင်သူတွေကို စိတ်တွေလေစေ သောကတွေ ပွေစေခဲ့တာ က ပြည်တွင်းပြည်ပက အဖြစ်အပျက်များက သက်သေပြနေလေရဲ့ပေါ့ ဒါနဲ့ ပတ်သက်လို့ ထိုင်ဝမ်ဆရာတော်ကြီးရဲ့ မိန့်စကားလေးကို မျှဝေပေးချင်ပါတယ်
ပါးစပ်မှာ ဓါး ၊ သတိထား ၊ စကားဆင်ခြင်ပြော။
အကျိုးရှိမရှိ ၊ ဆင်ခြင်ကြည့် ၊ အကျိုးရှိမှ ပြော။
ပြောသင့် မသင့်၊ အခါချင့်ပြောသင့်ခါမှ ပြော။တဲ့ ဒါက ဆရာတော်ကြီးရဲ့ အဆိုအမိန့်လေးဖြစ်ပါတယ်
သတိဉာဏ်နှော ဆင်ခြင်ပြော
ဒီအဆိုအမိန့်လေးတွေ အပြင် နှုတ်ကြောင့်သေ လက်ကြောင့်သေ စတဲ့ မြန်မာစကားပုံတွေလဲ ထင်ရှားရှိပါတယ် မိမိရဲ့နှုတ်ထွက် စကား တစ်ခွန်းရဲ့ အရေးပါ အရာရောက်မှုဟာ ဝန်းကျင်အပေါ် ရိုက်ခတ်မှု ရှိတတ်တယ်ဆိုတာ သတိပြုဖွယ်ပါပဲ ..တစ်ခါတစ်ခါ မိမိနှုတ်ထွက် စကားတစ်ခွန်းကြောင့် ဘာသာရေး လူမှုရေး နိုင်ငံရေး စသည့် အဖွဲ့အစည်း အသီးသီးမှာ စည်းလုံးညီညွတ်မှု ပြိုကွဲမှုကို ဖြစ်စေနိုင်သလို ဒီ နှုတ်ထွက်စကား လေစွမ်းအားဖြင့်ပင် အချင်းချင်ကြား ပိုမိုချစ်ခင် နားလည်မှုရသွားတာတွေလဲ အများအပြားပဲမဟုတ်လား သဘောထားကွဲစေအုံးတော့ နှုတ်ထွက်စကားလုံး အသုံးအနှုံးတော့ တတ်ဖို့ လိုပါကလား လို့ စဉ်းစားမိလိုက်တယ် ဇာတ်တော်မှာ ဖတ်ဖူးတဲ့ တေမိမင်းသားက.. စကားပေါက်ကရ ၊ နှုတ်မဟ ၊ အအ လိုပဲ နေပါ့မယ် လို့ သန္ဒိဋ္ဌာန်ပြုသွားတာ သတိထားစရာပေါ့
လေပြင်းနှောက်ယှက် မဏ္ဍပ်ပျက်
တန်ဆော်မုန်းလပြည့်နေ့မှာ ကျောင်းကထိန်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ အားခဲထားကြတယ် ကထိန်အတွက် မဏ္ဍပ်ကိုလဲ တစ်ပါတ်အလိုမှာ ကြိုတင်ပြင်ဆင်ထားခဲ့ကြပါတယ် သို့သော်လည်း မဏ္ဍပ်ပြင်ဆင်ပြီးကတည်းက တိုက်လိုက်တဲ့လေဟာ အကြို စနေနေ့အထိ ဆိုလဲ မမှားပါဘူး . အကျိုးဆောင်အဖွဲ့ရဲ့ အားသွန်ခွန်စိုက် ဆေင်ရွက်ချက်တွေဟာ လေပြင်းတိုက်မှုအောက်မှာ အမိုးလန် အကာပျက်လို့ နှစ်သက်အားရှိဖွယ် မကျန်တော့တာ အမှန်ပါ ..ဟော အနီးကပ် ထပ်ပြီး ကြိုတင်ပြင်ဆင်ကြမယ်လို့ အားခဲထားကြပြန်တော့လဲ လေပြင်းကတိုက်သည့်အပြင် အလုပ်ခွင်ကလဲ တိုက်တိုက်ဆိုင်ဆိုင် အချိန်ပိုခေါ်ပြန်သတဲ့
ကြံတိုင်းမဖြစ် စိတ်မညစ်သာ
လေထန်တိုင်းသာ ၊ ပွင့်ကြွေပါမူ ၊ ဘယ်မှာ ပန်းများ ကြွေမည်နည်း ..တဲ့ ငယ်ငယ်ကတည်းက စွဲနေခဲ့တဲ့ကဗျာအပိုင်းစလေးပါ ... အနတ္တ ကို လက်ခံခဲ့ပြီးကာမှ အတ္တကို ရှေ့တန်းတင်ချင်မိနေတဲ့ မိမိစိတ်ကိုလဲ အားမလို အားမရ ဖြစ်မိတယ် ၊ ခုလဲ အားခဲကြံထားသမျှ ဘာမှ ဖြစ်မလာတာကို လေပျင်းပေါ် အပြစ်ပုံနေမိတယ် လူညံ့တစ်ယောက်အတွက် အားကိုးရာက ဆင်ခြေဖြစ်ပေရာ သဘာဝတရား ကို ဆင်ခြေနေခြင်းဟာ ကိုယ့်ကိုယ်ကို လူညံ့အဖြစ်သို့ တွန်းပို့နေတာလားလို့ပင် ခံစားမိလိုက်ပါတော့တယ် အကောင်းဖြစ်မဲ့ကြံ အဆိုးရှေ့ကခံ ဆိုတဲ့ စကားလေးက ရုတ်တရက်ရင်ထဲ ဆင်းသက်ခိုလာသည့်အခါမှာတော့ စိတ်မသက်မသာ ဖြစ်နေတာတွေဟာ ပျေက်ကွယ်သွားပါတော့တယ်
အံတုယှဉ်ပြိုင် အနိုင်ယူမယ်
ရှေးပညာရှင်တွေကတော့ ခက်ခဲတာကို လွယ်ကူအောင် ရွက်ဆောင်နိုင်တာမှ အရည်အချင်းလို့ ရေးသားခဲ့ကြဘူးတယ် ။ သဘာဝရဲ့ အလိုအရ နေထိုင်ကြဖို့တော့ ခက်ခဲနေတတ်ကြတဲ့ မိမိတို့ဟာ သဘာဝကြီးကိုတော့ မိမိတို့ဆန္ဒအတိုင်း ဖြစ်စေချင်နေသည်မှာ ရယ်စရာ လိုလို ဘာလိုလို .... အော် ... ကိုယ်ထင်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိအံ့နည်း ဆိုတာ ဒါကိုများ ရည်ညွှန်းသလား မသိပါချေ ။
အော်စတင်ရှိ ရွှေစည်းခုံ စေတီတော် ထီးတင်စဉ်က လေတိုက်တာ မိုးရွာတာ ကိုယ့်အလုပ်မဟုတ်ဘူး ကိုယ်လုပ်စရာရှိတာ ကြိုတင်ပြင်ဆင်ထားရမှာ ကိုယ့်အလုပ်ပဲ လို့ မိန့်ခဲ့ဘူးတဲ့ စကားလေးကို ပြန်လည်ကြားယောင်ခဲ့သည့် အခိုက်အတန့်အမှာတော့ အားအင်အသစ်တွေ ဖြစ်ထွန်းလာပြန်တော့တယ် ဒီဗဟိဒ္ဓက တိုက်နေတဲ့ လေပြင်းကို ရင်တွင်းမှ အရှိန်အဟုန်ပြင်းစွာ စီးစင်း တိုက်ခတ်လာတဲ့ သဒ္ဓါစေတနာ မေတ္တာ လေပြင်းများနဲ့ အံတုယှဉ်ပြိုင် အနိုင်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်

လေငြိမ်ခဲ့ပြီ ကထိန်စည်

ဒီလိုနဲ့ ကထိန်အကြို စနေညချမ်းမှာတော့ လေပျင်းအရှိန်လျှော့ကျသွားပါတော့တယ် ကထိန်အလှူရှင် တို့ ရဲ့ ရင်တွင်းက စေတနာ သဒ္ဓါတရားကို ပြိုင်ဖို့ မရဲသို့နှယ် အဝေးတနယ်လို့ ရှောင်ဖယ် ပျောက်ကွယ်လို့ ထွက်သွားခဲ့ပါပီ ။ အဝေးခရီး အသီးသီးက ကထိန်အလှူရှင်တွေလဲရောက်လာခဲ့ကြပါပြီ ၊ လေပျင်းတိုက်နေသည့်အကြားက လေးငါးနာရီ ခရီးကို အသီးသီး ကားနှင့် မောင်းနှင်လာကြသူတွေပါ .. ကိုညီဦးဆောင်တဲ့ အကျိုးဆောင်တွေမှာလဲ ည မှောင်ပေမဲ့ မီးရောင်ထွန်းပြီးကို ပြင်ဆင်ကြဖို့ အားခဲနေတုန်းပေါ့ ..ချက်ဖို့ ပြုတ်ဖို့နေရာမှာလဲ တရုန်းရုန်း .. မသိုးရွှေကြာသင်္ကန်း ပြင်ဆင်တဲ့ နေရာမှာလဲ လူတွေ တပြုံးပြုံးနဲ့... မြန်မာတို့ရဲ့ စေတနာ သဒ္ဓါ နှလုံးသား ကို လေပြင်းအားက ဖြိုခွင်းနိုင်အား မရှိဘူးထင်ပါရဲ့...ညမီးမှိန်မှိန်အောက်မှာ ကထိန်ပွဲတော်သည်လည်း အသက်ဝင်စည်းကားလာပါတော့တယ်
အမာရီလိုမှာ လူချမ်းသာ
ကပ်စေးနဲသော သူဋ္ဌေးသည် ဆင်းရဲ သူများထက် ပိုဆင်းရဲ သည် လို့ စာပေမှာ ဖတ်ဘူးတယ် ဒါဆိုရင် ယနေ့ ကထိန်အလှူရှင်တွေဟာ မဆင်းရဲကြတာ ထင်ရှားပါတယ် ၊ နဲများမဟူ လှူဖို့ တွန့်တိုစေးနဲ နေသူတွေ မတွေ့ရလို့ပါ ။ လူတစ်ဦးသည် ရယ်မောနိုင်သေးသ၍ မဆင်းရဲသေးပါ ဟု ပြောနိုင်လျှင် ယနေ့ ကထိန်အလှူအတွက် ဆောင်ရွက်နေသူတွေ အားလုံးဟာ ပျော်မဆုံး မော်မဆုံးပဲ မို့ တကယ်ကို လူချမ်းသာများဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတော့တယ်
အောင်သူ ပြုံးတဲ့ တန်..ဆောင်..မုန်း
ဒီ ကထိန်ပွဲတော်ကျင်းပရာ တန်ဆောင်မုန်းလပြည့် နေ့ညမှာ မြတ်စွာဘုရားက အဇာတသတ်ရဲ့ နှလုံးသားကို ဓမ္မနဲ့ တန်ဆာဆင်ပြီး အဝိစိငရဲဘေးက ကင်းဝေးအောင် စွမ်းဆောင်ခဲ့တာကလဲ တကယ့်ကို တွေးကြည်ညိုလို့ မဆုံးစရာပါ ... အကုသိုလ် အပြစ်ဘေးထိုက် ဒုစရိုက်အတွေးမိုက်တွေကို ဓမ္မရေစင်တိုက်ကျွေးလျှက် ရွံမုန်းစေခဲ့ပြီးနောက် အဇာတသတ် ကို သာသနာတော်အကျိုးပြု မင်း တစ်ပါးအဖြစ် ပေါ်ပေါက်အောင် စွမ်းဆောင်ခဲ့တာ ဒီတန်ဆောင်မုန်း လပေါ့
ကဲ ဒီလမှာ သင်ရော ဘဝကို ဘာတွေနဲ့ တန်ဆာဆင်ခဲ့ပြီး ဘာတွေကိုရော ဆောင်ဖြစ်ခဲ့ပါပီလဲ ဘာတွေ မုန်းခဲ့ပါသလဲ မိတ်ဆွေလို့ မေးကြည့်ပါရစေ ။ အမာရီလို ဒေသနေသူတွေကတော့ စေတနာ သဒ္ဓါတွေနဲ့ ဘဝကို တန်ဆာဆင်ပြီး ကထိန်အလှူတော်ကြီး အောင်မြင်အောင် စွမ်းဆောင်ခဲ့ပါပြီ ဒါတွေဟာ ဆင်းရဲမှု နဲ့ ဝဋ်ဒုက္ခကို မုန်းလို့ သံသရာလွတ်လမ်းစ ကို ရှာဖွေတာလို့ ပြောလိုက်ချင်ပါတယ်
ကထိန်အောင်ပွဲ ခြိမ့်ခြိမ့်သဲ
မိမိရဲ့ဘဝကို ဒါန သီလ ဘာဝနာတွေနဲ့ တန်ဆာဆင်နေကြတာဟာ နှမြောတွန့်တိုခြင်းဆိုတဲ့ မစ္ဆရိယ တရားတွေကို အနိုင်ယူနေကြတာပဲ ဖြစ်ပါတယ် ဒါ့အပြင် အောင်မြင်မှု ဟူသည်လုပ်နိုင်သူများအတွက် သာဖြစ်သည် ဆိုတာ မမေ့အပ်ဘူးမလား ကထိန်အတွက် ရဲရဲလာ ရဲရဲလှူ ရဲရဲလုပ်သွားကြတော့ ကထိန်ပွဲတော်ကြီး စည်စည်းကားကားနဲ့ ကို အောင်ခဲ့ပါတယ်
မေတ္တာဖြင့် သယ်ပိုးမည်ဆိုပါက မည်မျှ ကြီးကျယ်သည့် ဝန်ပင် ဖြစ်စေ လေးလံရိုး ထုံးစံ မရှိဆို သည့်အတိုင်း အခက်ခဲကြားက ဆောင်ရွက်ခဲ့ရတဲ့ ကထိန်ပွဲတော်ကြီးဟာ တကယ့်ကို စည်ကားခဲ့ပါတော့တယ် ဒါတွေဟာ မေတ္တာ စေတနာ သဒ္ဓါတွေက ဆောင်ကျဉ်းပေးခဲ့တာပါပဲ။ ဒီလို အောင်မြင်အောင် ဆောင်ရွက်နိုင်မှုဟာ မိမိတို့ကိုလဲ ခုရော နောင်ပါ သံသရာမှာ အကျိုးများအောင် ပြန်လည် စွမ်းဆောင်ပေးမှာ သေချာပါတယ် အပါယ်မကျအောင် ကယ်တင်ဆောင်နိုင်သလို နိဗ္ဗာန်ရောက်အောင်လဲ ထုတ်ဆောင်နိုင်တဲ့ ဒါန အစစ်မို့ တကယ့်ကို ပီတိဖြစ်ခဲ့ရပါတယ်
ရဲရင့်သူတို့ အောင်ပါပြီ
ရဲရင့်ခြင်းရှိတဲ့သူတွေဟာ လုပ်သင့်တာကို သတိရှိရှိ ဆင်ဆင်ခြင်ခြင် လုပ်တဲ့အတွက် ဘာအခက်ခဲကိုမှ တွေးပူ ကြိုမြင်နေလေ့ မရှိပါဘူး တချို့ကတော့ ဘာလုပ်ပါ ညာလုပ်ပါ စသည်ဖြင့် ရဲ ရင့်ဖို့ သူတပါးကို အကြံပေးနေကြပါတယ် ဒါပေမဲ့ ကိုယ်တိုင် ရဲရဲရင့်ရင့် စွန့်လွှတ် စွန့်စား ဆောင်ရွက်ဖို့ကျ ပရိယာယ်စကားတွေကြားမှာ လိုက်တမ်းပြေးတမ်းကစားနေမိပြန်တယ် ဒီလိုလူတွေမှာတော့ ဘာအောင်ပွဲမှ ရှိလိမ့်မယ် မထင်ပါဘူး
ဒီကထိန်ပွဲတော်ကြီးမှာလဲ အကျိုးဆောင်များဟာ လိုအပ်တဲ့ တာဝန်တွေကို ကျေပြွန်အောင် မျှဆောင်ခဲ့ပါတယ် တာဝန်ဆိုတာ စွမ်းပကား ရှိသူတို့ရဲ့ ကျေးကျွန်ဖြစ်တယ်ဆိုပါရင် ဘာအစွမ်းအစမှ မရှိသူတစ်ယောက်ဟာ ဘာတာဝန်မှ ယူရဲမယ်လည်း မထင် ပါဘူး စားရေးသူကတော့ ဘာသာရေးမှာ ဖြစ်စေ နိုင်ငံရေး လူမှုရေးမှာဖြစ်စေ တာဝန်ယူရဲ သူတိုင်းမှာ အစွမ်းအစ ရှိုလို့ ဟု ကောက်ချက်ချမိပါတယ် အခုလဲ စေတနာ သဒ္ဓါ မေတ္တာစွမ်းပကားနဲ့ ရဲရင့်သူများရဲ့ ကထိန်ပွဲသည် ခြမ့်ခြိမ့်သဲ အောင်မြင်ခဲ့ပါပြီ
အမာရီလိုမြိ့ စံဋ္ဌာနီ အောင်မြင်လိုရင် ရှေ့သို့..ချီ
သေးငယ်တဲ့ အပြုအမူလေးတွေပင် ဖြစ်လင့်ကစား ကြီးမားတဲ့ အပြောစကား(လေကြွား)သက်သက်ကိုတော့ အောင်နိုင်ပါသတဲ့ ယနေ့ အမာရီလိုရဲ့ ကထိန်အောင်ပွဲတော်ဟာလည်း စာတစ်ဆောင် ပေတစ်ဖွဲ့ ပြောလောက်အောင် မကြီးကျယ်ခဲ့ပေမဲ့ အကျိုးဆောင်တွေနဲ့ အလှူရှင်တွေရဲ့ စေတနာသဒ္ဓါအားကြီးမှုကို ဂုဏ်ပြုလိုတာကြောင့် အတွေးနယ်ချဲ့ ရေးခဲ့မိပါပြီ ဘာသာရေး လူမှုရေး နိုင်ငံရေး စသည်ဖြင့် အပြင်မှာ ချဲ့ကားပြောဆိုနေကြသူတွေက အများသားဆိုတော့ တာဝန်ရှိသူတွေ သတိထားသင့်တဲ့ အတွေးလေးတွေနဲ့ ဆွေးနွေးရေးခဲ့ခြင်းပါ ။ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး နောက်ကြောင်းပဲ ပြန်လှည့်ကြည့်နေမည်ဆိုပါကလဲ ကိုယ်သွားနေသည့် ခရီးကိုမျှ သိနိုင်တော့မည်မဟုတ် ပေရာ... မိမိတို့မှာ လဲ နောက်ကြောင်းပြန်တွေးနေစရာကို အချိန်မရှိသင့်ပါဘူး ၊ အိုဗားမားရဲ့ စကားလုံး ကို ငှားသုံးရရင်တော့ အောင်မြင်ချင်လျှင် ရှေ့သို့ ...ရှေ့သို့ ... ဟု၍သာ
(ကထိန်ပွဲတော် အလှူရှင်များနှင့် အကျိုးဆောင်များကို ဂုဏ်ပြုရေးသားအပ်ပါသည် )
ဇေယျသုခ အရှင်နန္ဒဝံသ(Amarillo, Tx, U.S.A)

No comments:

Post a Comment