Friday 16 August 2013

အောင်လံလွှင့်မည် ရှေ့သို့ချီ



အောင်လံလွှင့်မည်..ရှေ့သို...ချီ
အနိစ္စဆိုတာ ဒါပဲလား 
မကြာမီသော ကာလတစ်ခုတွင် စာရေးသူတို့ရဲ့ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းသည် တည်ထောင်လာတဲ့ သက်တန်းအားဖြင့် (၂)နှစ်ြပြည့်လို့ (၃)နှစ် ဆိုသော ကာလသို့ ချဉ်းနင်းဝင်ရောက် လာတော့မယ်ဖြစ်ပါတယ်           ဒီ နှစ်နှစ်တာကာလ အတွင်း အပြောင်း အလဲ များစွာလဲ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာပါပဲ.. ခေါင်းဆောင်အပြောင်းအလဲ လူ အပြောင်းအလဲ မူအပြောင်း အလဲ စသည်ဖြင့်ပေါ့ ...စက္ကန့် မိနစ် နာရီတွေပြောင်းလို့  ရာသီ အပေါင်းရဲ့အောက်မှာ အချိန်တိုင်းဟာ ပြောင်းလဲ နေပါတယ်  ဒီ ပြောင်းလဲခြင်း နိယာမ သဘောမှာ စီးဆင်းလိုက်ပါနေခြင်းကို အနိစ္စလို့များ ဆိုလိုသလား မသိပါနော် 

ဝမ်းသာ ဝမ်းနဲ ဒွန်တွဲလို့နေ 
အသင်းကြီးနဲ့ လက်တွဲပြီး အခက်ခဲတွေကို ရင်ဆိုင် ယှဉ်ပြိုင်နေကြသူတွေ ကို အားပေး ဂုဏ်ယူ ချီးကျူးမိသလို အမျိုးဘာသာ သာသနာအတွက် လက်တွဲဖေါ်ရလို့ ဝမ်းသာရပါတယ် ။ တဘက်ကလဲ အကြောင်းအမျိုးမျိုးပြပြီး အသင်းကိုခွဲခွာ အများအကျိုး သယ်ပိုးဖို့ မရဲ ရှာသူတွေကိုလဲ  ယုံကြည်မှုတွေ ဆုံးရှုံးရလို့ ရင်ထဲမှာ ဝမ်းနဲသလိုလို ခံစားရပါတယ် ။ အကျိုးအကြောင်း တစ်စုံတစ်ရာ ရှင်းမပြသာပဲ နှုတ်ဆက်ထွက်ခွာ လက်ပြ ခွဲခွားသွားကြတဲ့ အခါ ချန်ထားသူက ချန်ထားရက်ပေမဲ့ ကျန်ငြားသူတွေမှာတော့ ခံစားမှု အပြည့်တွေနဲ့ မနိုင်ဝန်ထမ်းရင်း ခရီးဆက်နေကြရတော့တာပေါ့

သက်သေ သာဓက များစွာ
တကယ်တော့ မြန်မာထေရဝါဒ အသင်းကြီးဆိုတာဟာ ဖွဲ့စည်းပြီးကတည်းက ယနေ့အထိ အများအကျိုးကို တကယ် သယ်ပိုးဆောင်ရွက်နေတယ်ဆိုတာအားလုံးသိနေတဲ့ အရာသာဖြစ်ပါတယ် ၊ ယုံးမှား သံသယဖြစ်ဖွယ်ကို မလိုလောက်အောင် သက်သေပြစရာ များစွာနဲ့ပါ ၊     အသင်းကြီးကို  စတင် တည်ထောင်ကြဖို့  ဆွေးနွေးတိုင်ပင်ကြစဉ်ကတည်းက အမျိုး ဘာသာ သာသနာအတွက် အဘက်ဘက်က တိုးတက်အောင် ညီညွတ်စွာ စွမ်းဆောင်ကြပါစို့ ဟူသော သမ္မာဆန္ဒတွေနဲ့ တည်ထောင်ဖြစ်ခဲ့ကြတာပါ  အများကောင်းစားရေး ပရဟိတ ဆန္ဒကို ရှေ့တန်းတင် တည်ထောင်ဖွဲ့စည်းခဲ့ပြီးကာမှ ကိုယ်စီကိုယ်ငှ ရှိနေကြတဲ့ အတ္တတွေ မာနတွေကို ရှေ့တန်းတင်ပြီး ပြောတိုင်းမအောင် ဆောင်တိုင်းမပြီး အချည်းနှီးပဲလို့ တွေးကာ ခွဲခွာသွားသူတွေအနေနဲ့အသင်းကြီးရဲ့ ဆောင်ရွက်ချက်များစွာ အောင်မြင်မှု များစွာကို မြင်အောင်ကြည့်တတ်တဲ့ မျက်စိ ရှိခဲ့မယ်ဆိုရင် ဘယ်မျှ ကောင်းပါလိမ့်မလဲ လို့တွေးမိလိုက်ပါရဲ့ပေါ့   


အသင်းခေါင်းဆောင် တွေ့မရှောင်
အသင်းမှာ တာဝန်ကြီးကြီး ယူထားရသူတိုင်းဟာ အင်မတန် ခေါင်းကြီးရပါတယ် အသင်းဝင်များ စုစည်းတည်ထောင်ထားတဲ့  ကျောင်းတော်ရဲ့ လစဉ် အသုံးပြု ကုန်ကျငွေ ဒေါ်လာ ၂၀၀၀ ကျော်အတွက်လဲ ပြည့်မှီအောင် ရုန်းကန်လှုပ်ရှားရပါတယ် ကိုယ်တိုင်လဲ သူတပါးထက် မနဲသော လှူဒါန်းငွေ ကို ထည့်လှူရသလို အဝေးအနီး ခရီးအသီးသီးကိုလဲ အလှူငွေစုစည်းဖို့ သွားလာရပြန်ပါတယ် ဒါပဲလား ဆိုတော့ မဟုတ်သေးပါဘူး အသင်းဝင် မိသားစုတွေထဲမှာ ပေါ်ပေါက်လာတဲ့ သာရေး နာရေး လူမှုရေးတွေမှာလဲ ရှောင်ပြေးလို့ မရနိုင်ရှာပါဘူး  ခေါင်းဆောင်ဖြစ်တာနဲ့ အညီ ခေါင်းရှောင်မသွားပဲ ခေါင်းဆောင်လုပ်ရဲ လှူရဲ ပြောရဲ ဖြစ်နေရပါတယ် အများတန်းတူ အလှူငွေလဲ ထည့်ရ သီးခြား အကူငွေလဲ ထည့်ရပါပဲ  သာမာန် အဖွဲ့ဝင်တို့ စွမ်းဆောင်နိုင်ဖို့ ခက်ခဲသော အရာများကို စေတနာ သဒ္ဓါဦးစီးလို့ မေတ္တာတရားကြီးမားစွာ ဆောင်ရွက်နေတာတွေဟာ တကယ့်ကို လူသာဓုခေါ် နတ်သာဓုခေါ်ဖွယ်ရာဆိုရင် မမှားနိုင်လောက်ပါဘူး  

နေနိုင်သူက နေနိုင်ကြလဲ 
တကယ်တော့ ဒီခေါင်းဆောင်တွေဆိုတာကလဲ အများက ရွေးချယ်ပေးလိုက်တာပါ ။ သူတို့ကိုယ်တိုင်လဲ စေတနာ သဒ္ဓါ ဗလ ပြည့်ဝကြပါပေတယ် ။ အများစုက အားကိုးယုံကြည်စွာ ခေါင်းဆောင်တွေအဖြစ် ရွေးချယ် တာန်ဝန်ပေးထားကြပေမည့် သူတို့ဟာလဲ အများနည်းတူ အလုပ်သမားတွေပါပဲ ။  အများနဲ့တန်းတူမျှသာ ဝင်ငွေရှိတဲ့ စေတနာ လုပ်အားရှင် သက်သက်မျှတွေပါ ။ တစ်ချို့သူတွေက အမျိုး ဘာသာ သာသနာအတွက် ဘာအချက်မှ ထည့်မတွက်ပဲ နေနိုင်ကြချိန် ..ယုတ်စွ အဆုံး မိမိတို့ရင်မှ ပေါက်ဖွားခဲ့တဲ့ သမီးသား အတွက်မျှပင် ပူပင်သောက မရောက်ကြပဲ အရေးတယူ မရှိချိန်မှာ အသင်းခေါင်းဆောင်အပေါင်းမှာတော့ အသင်းဝင် မျိုးဆက်သစ်များအတွက် ခေါင်းစားလို့ နေရပြန်ပါတယ်

ကုသိုလ်တရားတွေ တိုးပွားနေ
ဒီလို အများအကျိုးကို ရှေ့တန်းတင်ပြီး မိမိစိတ်အစဉ်မှာ အသင်းကြီးရှေ့ရေး မျိုးဆက်သစ်တို့ ရှေ့ရေး ထည့်တွက်ပေးနေခြင်းဖြင့် ကုသိုလ်နဲ့ယှဉ်တဲ့ စိတ်အစဉ်တွေ ဖြစ်ပွားနေတာမို့ ကုသိုလ်တရားတွေ တိုးပွားနေတာလို့ မှတ်ယူနိုင်ကောင်းပါတယ် ။ အကြောင်းတရား အားလျှော်စွာ ခေါင်းစားရသော်မှ နောင်ကောင်းစားမဲ့ အကြောင်းများကို ပြုလုပ်နေကြခြင်းဖြစ်တာမို့ ကုသိုလ်တရားတွေ ဖြစ်ပွားနေခွင့် ရနေတာနဲ့ အညီ အကုသိုလ် ကံ ဆိုးများကို ဖယ်ရှားပစ်နေခြင်းနဲ့လဲ တူနေပါတော့တယ် ။ ဒီလို ကျောင်းမှာ အများအတွက် လာပြီး ဆောင်ရွက်နေသူတိုင်းမှာ များစွာသော စွန့်စားမှုတွေ ပါနေရပါတယ် ဒီလို ဆောင်ရွက်နေသူတွေအား စွန့်ခြင်းကြီး ငါးပါးကို စွန့်စားကျင့်ခဲ့တဲ့ အလောင်းတော်များရဲ့ လမ်းကို လိုက်နာဖြည့်ကျင့်သူတွေ ၊ ပါရမီ ဆယ်ပါး အပြားသုံးဆယ်တို့ မိမိထံမှာ တည်လာ မှီလာ အောင် စွမ်းဆောင်နေကြတဲ့ သူတွေ လို့ တင်စား၍ ဆိုလိုက်ချင်ပါတယ် 

ရေများ ရေနိုင် မီးများမီးနိုင်
လောက သဘောသဘာဝအရ အားကြီးတဲ့ အရာက အားနဲတဲ့ အရာကို လွှမ်းမိုးအနိုင်ယူ သွားတတ်တာမျိုးလို့ ရိုးရိုးသားသား နားလည်မိတယ် ။ လူများစုက လူနဲစုကို အင်အားကြီးသူက  အင်အားနဲသူကို စသည်ဖြင့်ပေါ့ ဒီတော့ ချဲ့တွေးမယ်ဆို တွေးသလောက် မဆုံးနိုင်လောက်တော့ပါဘူး ၊ ဘဝတစ်ခုမှာလည်း ကုသိုလ်ကံ အကြောင်းတရား ပြုလုပ်မှု များပြားသူတွေက ကံအကျိုးပေးလှပြီး အဓိပ္ပါယ်ပြည့်သော ဘဝတွေကို ပိုင်ဆိုင်ရရှိနိုင်ကြပေမည့် အကုသိုလ်ကံ အကြောင်းတရားတွေ ပြုလုပ်မှု များပြားသူတွေမှာတော့  အဆင်မပြေမှု များစွာကြားမှာ ဘဝအဓိပ္ပါယ် ပျောက်ကွယ်လို့ နေတတ်ကြပြန်ပါတယ် ဒီလို အများနဲ့ ဆိုင်တဲ့ အသင်းတွေမှာ ဝင်ရောက်ပြီး ပရဟိတ အကျိုး သယ်ပိုးနေသူတွေမှာတော့ ကုသိုလ်ရေတွေ တိုးပြီးရင်း တိုးနေတတ်တာမို့  အကုသိုလ်မီးတွေ လောင်မြိုက်ခံရခြင်းမှ ဝေးနေမှာ သေချာပါတော့တယ် 

ကုသိုလ် အကျိုး လူ့တန်ခိုး
ကုသိုလ်ဆိုတဲ့ အရာသည် အပြစ်မရှိခြင်း ကောင်းကျိုးချမ်းသာ အဖြာဖြာကို ဖြစ်ပွားစေခြင်း သဘောလက္ခဏာ အပြည့်ရှိပါတယ် လူတို့ရဲ့  ကုသလကမ္မပထတရား ဆယ်ပါးကို စီကာ စဉ်ကာ ကြည့်လိုက်ရင် ပရဟိတ သမားတွေမှာ ရှိနေတာမျိုးကိုလဲ တွေ့ရပါတယ် ဒါကြောင့်  ပရဟိတ စိတ်ထားပိုင်ရှင်တို့ရဲ့ နှလုံးသား ဟာ ကုသိုလ်ပန်းများ ပွင့်လန်းရာ ဥယဉ်စခန်းသာကြီးသဖွယ်ပါပဲ ၊ ဒါန သီလ ဘာဝနာ စသော ဒီပန်းတွေဟာ သူတည်ရာ မှီရာ ပုဂ္ဂိုလ်တွေကို ကျန်းမာ ချမ်းသာ ဉာဏ်ပညာကြီးစေနိုင်ခြင်း စသည်ဖြင့် အကျိုးပြန်ပြုပေးလေ့ ရှိတတ်ကြပါတယ် ဒီနည်းအားဖြင့် မိမိကို အားကိုးသော သူတွေကို ပြန်လည် အကျိုးပြု စောင့်ရှောက်ပေးလေသောအခါ လူ့ဘဝတန်ဖိုးများဖြင့် လူ့တန်ခိုးများလဲ ကြီးထွားမြင့်တက်လာပါတော့တယ်

အများအကျိုး သယ်ပိုးကြပါစို့  
လူဖြစ်လာပြီး မွေး.နေ.သေခြင်း မျှဖြင့် လူဖြစ်ရကျိုး နပ်ပြီဟု မဆိုသာရကား လူဖြစ်ခွင့် ရတုန်းကာလမှာ အများ အကျိုးရှိရာတွေမှာ ကိုယ်နိုင်ရာဝန် ကျေပြွန်ဖို့ လိုအပ်မှာဖြစ်ပါတယ်  မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးဟာ အများအကျိုးကို သယ်ပိုးဆောရွက်နေသည် ဖြစ်ရာ အသင်းကြီးနဲ့ လက်တွဲ၍ ကိုယ်နိုင်ရာ အသင်းတာဝန်များကို ထမ်းဆောင်နိုင်နေခြင်းသည်လည်း လူ ပီသအောင် တနည်းအားဖြင့် လူဖြစ်ရကျိုး နပ်ဆောင် စွမ်းဆောင်နေကြခြင်းလို့ ခံယူပြီး အသင်းကြီးနဲ့ အတူ အမျိုး ဘာသာ သာသနာ အကျိုးကို ဆတက်တိုး၍ သယ်ပိုးစွမ်းဆောင်ကြပါစို့လို့  အသင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ရေးသား တိုက်တွန်းလိုက်ပါရစေ 
          အများအကျိုးကို သယ်ပိုးဆောင်ရွက်နေကြတဲ့ ပရဟိတ နှလုံးသားရှိသူများ အားလုံးကို ဂုဏ်ပြုလျှက်.......
           ဇေယျသုခ အရှင်နန္ဒဝံသ

No comments:

Post a Comment